ယခုနှစ် ၂၀၂၂-၂၃ ဘဏ္ဍာ နှစ်တွင် နွေစပါး ဆန်တန်ချိန် (၂) သန်းခန့် ပြည်ပသို့ တင်ပို့ ရောင်းချနိုင်မည်ဟုမျှော်မှန်း

0
178

ယခုနှစ် ၂၀၂၂-၂၃ ဘဏ္ဍာ နှစ်တွင် နွေစပါး ဆန်တန်ချိန် (၂) သန်းခန့် ပြည်ပသို့ တင်ပို့ ရောင်းချနိုင်မည်ဟုမျှော်မှန်း


ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအရှေ့ စတဲ့ဒေသတွေမှာ ယခုအချိန်သည် နွေစပါး ပေါ်ချိန် ဖြစ်ပြီး ပဲခူးအနောက်၊ နေပြည်တော် စသည့် နေရာများ၌ မေလ ကုန်ခန့်တွင် နွေစပါး ပေါ်ပြီဖြစ်သည်။

မိုးစပါးကို ပြည်တွင်း၌ စားသုံးကြပြီး နွေစပါးကို ပြည်ပသို့ တင်ပို့မှုပိုများကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

“၂၀၂၂ ဧပြီလမှာ ဆန်၊ ဆန်ကွဲ တန်ချိန် ၂ သိန်း ၄သောင်းလောက် ပြည်ပတင်ပို့ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၈၀ လောက် ဝင်ငွေ ရပါတယ်။ ဒီနှစ် ၂၀၂၂-၂၃ ဘဏ္ဍာ နှစ် မှာ ဆန် တန်ချိန် (၂) သန်းခန့် တင်ပို့ ရောင်းချဖို့ စီစဉ် မျှော်မှန်းထားပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏တာဝန်ရှိသူထံမှ သိရသည်။

 ယခုလက်ရှိ ဆန်စပါးဈေးကွက်မှာ ” ဆန်ဈေး အနေနဲ့ အနည်းငယ် တက်တာတွေရပါတယ်။ အဓိက ကတော့ စက်သုံးဆီဈေး မြင့်မားမှုကြောင့် ရေတင်ပြီး နွေစပါးစိုက်ရတာမှာ အခက်အခဲတွေ ရှိပါတယ်။ စက်သုံးဆီစရိတ် ကြီးမြင့်မှုကြောင့် သယ်ယူစရိတ်၊ ထွန်စက်စရိတ်၊ ရိတ်သိမ်းခြွေလှေ့စရိတ်တွေပါ တက်ပါတယ်။ ဆန်စက်တွေအနေနဲ့လည်း လျှပ်စစ်မီး ပုံမှန် မလာတော့ ဒီဇယ်နဲ့ စက်တွေလည်နေရတော့
အခက်အခဲတွေ၊ ကုန်ကျစရိတ်တွေ တိုးမြှင့် ကျခံနေရပါတယ်” ဟု ဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူမှ ပြောသည်။

“တောင်သူတွေလိုအပ်တဲ့ ဓာတ်မြေ သြဇာ၊ ချေးငွေ၊ မျိုးစပါးနဲ့ အာမခံဈေး စတဲ့ ကိစ္စတွေကို ဌာနဆိုင်ရာများနှင့် ကုန်သည်များက ဝိုင်းဝန်းကူညီပေးဖို့လည်း အရေးကြီးပါတယ်” ဟု တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ကို အကြံပြုထားပါသည်။

ထို့နောက် “အသင်းချုပ်အနေနဲ့ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ပုံမှန် လုပ်ငန်းဆောင်တာများ အပြင် လတ်တလောကာလ မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မိတ်ဖက်အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်း တိုင်ပင် ဖြေရှင်းရပါတယ်။ ဥရောပ၊ အာရှ ၊ အာဖရိက စတဲ့ ဝယ်သူနိုင်ငံတွေနဲ့လည်း ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရပါတယ်” ဟု ၎င်းမှ ဆက်ပြောသည်။

ဆန်စပါးပြည်ပတင်ပို့မှု၏ အဓိကလိုအပ်ချက်များအနေဖြင့် ငွေလဲနှုန်း တည်ငြိမ်ခြင်း၊ ပို့ကုန်ချေးငွေ (export financing) ရခြင်း၊ လျှပ်စစ်မီး မှန်ခြင်းများ သည်အရေးကြီးပါသည်။

လက်ရှိ စပါးဈေးမှာ အစိုဓါတ် နှင့် အမျိုးအစားပေါ် မူတည်ပြီး တင်း ၁၀၀ အား ၇ သိန်းမှ ၈ သိန်း ကျော် အထိ ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here