လျှပ်စစ်မီးပြတ်တောက်မှုကြောင့် တနိုင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများ၌ သောက်သုံးရေအ တွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိ

0
197

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် တနိုင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများ၌ သောက်သုံးရေအ တွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိ

ကချင်ပြည်နယ်၊တနိုင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသူများသည် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ရေတင်ရန်ခက်ခဲ၍ သောက်သုံးရေမလုံလောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

တနိုင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၃ ခုတွင် စစ်ဘေးရှောင်အိမ်ထောင်စု ၃၀၀ နီးပါးခန့်တွင် လူဦးရေ ၁၂၀၀ နီးပါးခန့်နေထိုင်လျက်ရှိကြောင်း သိရသည်။

” RC စစ်ဘေးရှောင်စခန်းမှာ ရေဘုံဘိုင်တစ်ခု KBC စခန်းမှာက ရေဘုံဘိုင်တစ်ခုနဲ့ရေတွင်းတစ်တွင်း COC စခန်းမှာက ရေဘုံဘိုင် နှစ်ခု အဲ့လိုမျိုးတော့ရှိတယ် ဒါပေမယ့် ရေတင်ဖို့တွေအတွက်က မီးလာမှရေတင်ရမှာဖြစ်တဲ့အတွက် မီးပြတ်တာကြာတော့ ရေတင်လို့မရတာကြောင့် သောက်သုံး ရေအတွက်ဒုက္ခရောက်ရတာပေါ့ စစ်ဘေးရှောင်စခန်း ၃ ခုပေါင်းဆိုရင် လူဦးရေ ၁၂၀၀ လောက်ရှိတယ်”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြော သည်။

အလားတူ လျှပ်စစ်မီးပြတ်တောက်ချိန်ကြာ၍ စက်သုံးဆီဖြင့်ရေတင်နေရသော်လည်း စက်သုံးဆီစျေးနှုန်းမြင့်တက်လာကာ ဝယ်ယူရန်ခက်ခဲလာခြင်းတို့ကြောင့် စက်သုံးဆီအသုံးပြု၍ရေတင်ရန်မှာလည်း ခက်ခဲမှုများရှိသည်ဟု သိရသည်။

“ကျွန်တော်တို့ဘက်မှာက မြေပြန့်မှာလိုမဟုတ်ဘူး စက်သုံးဆီကလွယ်လွယ်လည်းဝယ်လို့မရသလို စျေးလည်းအရမ်းမြင့်တော့ မီးကပျက် ဆီစျေးကတက်နဲ့ဆိုတော့ ရေတင်ဖို့အဆင်မပြေတော့ စစ်ဘေးရှောင်တွေအတွက် သောက်သုံးရေကအခက် အခဲတွေဖြစ်နေတာ”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

ထို့ကြောင့် ရေတွင်းအသစ်များတူးဖော်ရန်နှင့်ရေဘုံဘိုင်အသစ်များထပ်မံပြုလုပ်ရန် စစ်ဘေးရှောင်စခန်း၏တာဝန်ရှိသူများနှင့်အလှူရှင်များ ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။

“လက်ရှိမှာရေတင်ဖို့အဆင်မပြေတော့ ရှိတဲ့ရေဘုံဘိုင်ကရေကိုပဲ စစ်ရှောင်စခန်းတွေကလူတွေ မျှသုံးနေရတာပေါ့ ရှိတဲ့လူအရေအတွက်နဲ့ ရေဘုံဘိုင်တွေက စခန်းတစ်ခုကို တစ်ခု နှစ်ခုလောက်ပဲရှိတော့ မလွယ်ဘူးပေါ့ ဒါ့ကြောင့်အလှူရှင်တွေနဲ့တိုင်ပင်ပြီး ရေဘုံဘိုင်တွေထပ်လုပ်ဖို့စီစဥ်နေပါတယ်”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြော သည်။

တနိုင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများ၌ ၂၀၁၆ ခုနှစ်ခန့်မှစတင်ကာ ရောက်ရှိခိုလှုံနေသူ များဖြစ်ပြီး ၎င်းတို့၏နေရာဒေသများ၌ တိုက်ပွဲများဖြစ်ပေါ်ခဲ့သဖြင့် နေအိမ်များအားစွန့်ခွာတိမ်း ရှောင်ခဲ့ရသူများဖြစ်သည်ဟု သိရသည်။

Photo-EPN


LEAVE A REPLY

Please enter your comment!
Please enter your name here