သက်ဆိုင်သူများ အားလုံးပါဝင်ဆွေးနွေးသည့် အခင်းအကျင်းမဖြစ်သည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ဟု ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ထုတ်ပြန်

0
237

သက်ဆိုင်သူများ အားလုံးပါဝင်ဆွေးနွေးသည့် အခင်းအကျင်းမဖြစ်သည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ဟု ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ထုတ်ပြန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ငြိမ်းချမ်းရေး ဆွေးနွေးရေးဖိတ်ခေါ်မှု အပေါ်ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး က ထုတ်ပြန်ကြေညာချက်ဖြင့် သဘောထားမှတ်ချက်ပြုလိုက်ကြောင်း သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် ပဋိပက္ခများတို့ကို ငြိမ်းချမ်းစွာ အဖြေရှာခြင်းအား အစဉ်တစိုက် ဦးစားပေးလုပ်ဆောင်ခဲ့ကာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို အမြဲတမ်း နည်းလမ်း ရှာဖွေ နေသည်ဟု အစချီပြီး သက်ဆိုင်သူများ အားလုံးပါဝင်ဆွေးနွေးသည့် အခင်းအကျင်းမဖြစ်သည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ရရှိအောင် စွမ်းစွမ်းတမံကြိုးစားခဲ့ပြီး သက်ဆိုင်ပတ်သက်သူများပါဝင်လျက် ကတိကဝတ်ပြု လက်မှတ်ရေးထိုးပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ (URC) စသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အားကြိုးမာန်တက် ပါဝင်ခဲ့ခြင်းနှင့်အတူ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၁)၊ (၂)၊ (၃) တို့ကို ရယူစေကာ ငြိမ်းချမ်းရေး လိုလား သည့် အဖွဲ့အစည်းဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်ဟုလည်းဖော်ပြသည်။

“ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာခဲ့သည့် သမိုင်းသင်ခန်းစာ များစွာ ရရှိခဲ့ကြောင်း”ပါ ထုတ်ပြန်ချက်ဖြင့် ပြောဆိုခဲ့သည်ကိုတွေ့ရသည်။

တပ်မတော်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မည် မဟုတ်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က မေ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သလို ကေအိုင်အိုအဖွဲ့အစည်း၊ချင်းလက်နက်ကိုင်အဖွဲ့ CNF ၊ကရင်နီတပ်ဖွဲ့KNPP စသည်တို့ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်သည့်အကြောင်း အသီးသီးပြန်ကြားထားကြသည်။

သို့သော်တစ်ဖက်တွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ ဖြစ်သော KNU/KNLA PCဟု ခေါ်သော ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( ငြိမ်းချမ်းရေးကောင်စီ)၊ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊၊ မွန်ပြည်သစ်ပါတီနှင့် PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့က နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု အတိအလင်းထုတ်ဖော်ပြောဆိုထားကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here