ညောင်ရွှေမြို့နယ်ရှိ သန်းထောင်စျေးတွင် အမျိုး သား ၂ ဦးသေနတ်ဖြင့်ပစ်သတ်ခံရ
ရှမ်းပြည်(တောင်ပိုင်း)၊ညောင်ရွှေမြို့နယ်ရှိ သန်းထောင်စျေးတွင် မေ ၉ ရက်(ယနေ့)နံနက် ၇ နာရီကျော်ခန့်က အမျိုးသား ၂ ဦးသေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
သန်းထောင်စျေး၌စျေးရောင်းနေသည့် ဦးရဲမြင့်နှင့်ဦးကျော်စွာတို့အား ၎င်းတို့၏ဆိုင်၌ အမည်မသိအမျိုးသားများက သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေနတ်သံကြားလို့ ဝင်ပုန်းရသေးတယ် နောက်ပြေးသွားတဲ့အသံတွေကြားတော့မှအပြင်ထွက်ကြည့်တော့ နှစ်ယောက်လုံးလဲကျနေတာကိုတွေ့တာ ပစ်ခံရတဲ့နှစ်ယောက်မှာ တစ်ယောက်က သားမက် တစ်ယောက်ကသူ့ယောက်ခမပါ”ဟုဒေသခံတစ်ဦးကပြောသည်။
သေနတ်ဖြင့်ပစ်သတ်ခံရသူ ၂ ဦးမှာ ညောင်ရွှေမြို့နယ်ရှိ ဟဲယာရွာမကျေးရွာ၌နေထိုင်သူများဖြစ်ကာ သန်းထောင်စျေး၌ အထည်ရောင်းသူ များဖြစ်ကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးရဲမြင့်နှင့်ဦးကျော်စွာတို့တွင် ဦးခေါင်း၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
အခင်းဖြစ်ပွားရာသို့ လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။