တာချီလိတ်မြို့နယ် ဗိုလ်ချုပ်လမ်းမပေါ်ရှိ အဆွေတော်မီနီမတ်တွင် ချိန်ကိုက်ဗုံး (၂)လုံး ထပ်ဆင့်ပေါက်ကွဲမှုဖြစ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အဆွေတော် မီနီမတ်အား မေလ (၉)ရက်နေ့၊ ညနေ (၈)နာရိ မိနစ် (၂၀)နှင့် (၈)နာရီ မိနစ် (၃၀) အချိန်၌ ချိန်ကိုက်ဗုံးဟု ယူဆရသော ဗုံး(၂)လုံး မှာ ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွါးခဲ့သည်ဟု ရဇမ်းအရှေ့သတင်း၏ဖော်ပြချက်အရသိရသည်။
ပထမဗုံးမှာ အဆွေတော် မီနီမတ် ၏ အရှေ့ဖက် ညာဖက် ပန်းရုံအနီးတွင် စတင်ပေါက်ကွဲခဲ့ပြီးနောက် (၁၀)မိနစ် အကြာတွင် အဆိုပါနေရာအနီး၌ ပင် ထပ်မံပေါက်ကွဲမှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပေါက်ကွဲမှုကြောင့် ဗုံးစထိမှန်ကာ အဆွေတော် မီနီမတ် ဝန်ထမ်း (၄)ဦးဒဏ်ရာရရှိသွားသည်။
ဒဏ်ရာရသူများသည် အသက်အန္တရာယ်မစိုးရိမ်ရကြောင်းလည်း သိရှိရသည်။
ပေါက်ကွဲမှု ဖြစ်ပွါးရာနေအိမ်မှာ အဆွေတော် မီနီမတ်၊မြသဟာ ဆေးရုံပိုင်ရှင်နှင့် မြို့မီးလင်းရေး ကော်မတီဥက္ကဌ ဦးတင်လှိုင် နှင့်မိသားစု နေထိုင်ရာ ဖြစ်ပြီး၊ နယ်မြေ တာဝန်ရှိ လုံခြုံရေးအဖွဲ့များမှ ပေါက်ကွဲရာ နေရာနှင့် ဝန်းကျင်အား အန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်လျက်ရှိပြီး မိသားစုများနေအိမ်မှ ဘေးကင်းစွာ ထွက်လာနိုင်ရေး ဆောင်ရွက်ခဲ့ရသည်ဟုသိရသည်။
ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဗိုလ်ချုပ် လမ်းမပေါ် တာချီလိတ် အထက ကျောင်းမှ ကာစတန်ရုံးအထိ လမ်းအသွားအလာ ပိတ်ထားခဲ့သည်