ဒဂုံအရှေ့ ရွာသာကြီးရပ်ကွက်တွင် တားမြစ်ထားသည့် အသားချောင်းများစားမိ၍ လူဦးရေ ၅၀ ခန့်အစာအဆိပ်သင့်

0
195

ဒဂုံအရှေ့ ရွာသာကြီးရပ်ကွက်တွင် တားမြစ်ထားသည့် အသားချောင်းများစားမိ၍ လူဦးရေ ၅၀ ခန့်အစာအဆိပ်သင့်

ရန်ကုန်မြို့၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ရွာသာကြီးရပ်ကွက်၊ရွာသာကြီးဘူတာအနီး၌ နေထိုင်သူများအနက် ကလေး၊လူကြီး လူဦးရေ ၅၀ ခန့် မေ ၉ ရက်ညပိုင်းက တားမြစ်ထားသည့် အသားချောင်းများစားမိ၍ အစာအဆိပ်သင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သည့် လင်မယားနှစ်ဦးမှ မြင်သာစျေးအနီး၌ စွန့်ပစ်ထားသည့် ကိုရီးယားအသားချောင်းထုတ်များအား ကောက်ယူလာပြီးနောက် ရပ်ကွက်အတွင်းပြန်လည်ရောင်းချခဲ့ပြီး ရပ်ကွက်နေသူများမှစားမိသဖြင့် အစာအဆိပ်သင့်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းကိုဖုန်းဆက်ပြီးအကူအညီတောင်းလို့ တခြားလူမှုကူညီရေးအသင်းတွေနဲ့အတူသွားပြီးကူညီပေးခဲ့ပါတယ် အစာအဆိပ်သင့်တဲ့လူတွေကတော့အများကြီးပဲ ယောက်ကျာ်းလေးတွေကော မိန်းကလေးတွေကော ကလေးတွေကောပါတယ်”ဟု မီးအိမ်ရှင်ပရဟိတလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အစာအဆိပ်သင့်သူများတွင် နှုပ်ခမ်းများ၊အသားများပြာ၍ မူးဝေအော့အန်မှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် အစာအဆိပ်သင့်သူများအား လူမှုကူညီရေးအသင်းကားများဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံနှင့်ရန်ကင်းကလေးဆေးရုံတို့သို့ ဆေးကုသမှုများခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“အစာအဆိပ်သင့်တဲ့လူတွေက အသက် ၅ နှစ်ကနေ ၃၀ နှစ်လောက်အထိ အမျိုးသားအယောက် ၂၀ လောက်နဲ့ အမျိုးသမီးအယောက် ၃၀ လောက်ရှိပါတယ် ဒီနေ့မနက်အထိအခြေအနေကတော့မသိရသေးပါဘူး သက်သာလာကြလိမ့်မယ်လို့ထင်ပါတယ်”ဟု မီးအိမ်ရှင်ပရဟိတလူမှုကူညီကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here