ပြည်တွင်း ပြောင်းဈေးကွက် ဇွန်လ လဆန်းပိုင်းတွင် ဈေးပိုမြင့်တက်လာမည်

0
214

ပြည်တွင်း ပြောင်းဈေးကွက် ဇွန်လ လဆန်းပိုင်းတွင် ဈေးပိုမြင့်တက်လာမည်

ပြည်တွင်းပြောင်းဈေးကွက်မှာ လက်ရှိ မေလအတွင်း ဈေး အနည်းငယ်အေးနိုင်သော်လည်း ဇွန်လဆန်းပိုင်းတွင် ဈေးမြင့်တက်လာမည်ဟု ခန့်မှန်းကြောင်း ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများထံက သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်း ပြောင်းပေါက်ဈေး တစ်ပိဿာ ကျပ် ၁၀၀၀ ဝန်းကျင်ဆိုခြင်းမှာ ဒေသ ပွဲရုံကောက်ဈေးဖြစ်နေပြီး ကျပ် ၁၀၀၀ ကျော်မှသာ ပွဲရုံများက ပြန်လည်ထုတ်ရောင်းနိုင်မည့်အခြေအနေဖြစ်ကြောင်း၊ မေလမှ ဇွန်လအတွင်းတွင် ပြောင်းပေါက်ဈေးတစ်ပိဿာ ကျပ် ၁၀၀၀ ဝန်းကျင်ဖြင့်သာပေါက်ဈေး ငြိမ်နေမည်ဖြစ်ပြီး၊ ပို့ကုန်ရ ဒေါ်လာစျေးအား အသေသတ်မှတ်ခြင်းကြောင့်လည်း ပို့ကုန်ပြောင်းသမားများအပါအဝင် ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံးအား အရောင်းအဝယ် အေးစက်သွားစေခဲ့ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးတက်နိုင်တိုးက ပြောသည်။

“ပြောင်းပေါက်ဈေးက မေလထဲမှာ တစ်ပိဿာကျပ် ၁၀၀၀ အောက်ကျဆင်းသွားမယ်၊၊ အရောင်းကတော့အေးသွားမှာပါ။ ပြောင်း ဈေး ကျပ် ၁၀၀၀ ဆိုတာ နယ်ပွဲရုံ ပေါက်ဈေးဖြစ်နေပါပြီ။ လက်ရှိမှာ ရန်ကုန်အရောက် ပြောင်းပေါက်ဈေး က ကျပ် ၁၀၀၀ ကျော်ရုံလေးဆိုတော့ အရောင်းမရှိတော့ပါဘူး။ ဒီတော့ မေလအတွင်းမှာ ပြောင်းဈေးက မတည်မငြိမ်ဖြစ်နိုင်ပေမယ့် ဇွန်လဆန်းပိုင်းမှာတော့ မထင်မှတ်နိုင်တဲ့ ပြောင်းပေါက်ဈေးတွေ ဖြစ်လာနိုင်ပါတယ်။လက်ရှိကမ္ဘာ့ပေါက်ဈေးမှာ တစ်တန် ၄၃၀ ဒေါ်လာ၊ တရုတ် ပြောင်းပေါက်ဈေးက တစ်တန် ယွမ် ၂၈၀၀ ယွမ်လောက် ပေါက် ဈေးရှိနေပါတယ်။ မကြာမီမှာ ဂျီအေစီစီ ရောင်းဝယ်ခွင့်ရ ကုမ္ပဏီ တွေက ပြောင်းတင်ပို့ခွင့် ရရှိလျှင် ပြောင်းဈေးပိုမိုကောင်းမွန်လာနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

၂၀၂၂ခုနှစ် ပြောင်းရာသီအစတွင် ပြောင်းဈေးတစ်ပိဿာ ကျပ် ၈၀၀ ဝန်းကျင်သာပေါက်ဈေးရှိရာမှ ဖေဖော်ဝါရီလ မြဝတီနယ်စပ်လမ်းကြောင်းဖွင့်ချိန်၌ တစ်ပိဿာ ကျပ် ၉၀၀ ဝန်းကျင်ဖြစ်လာခဲ့သည်။ ထိုသို့ ပြောင်းဈေးကွက်မှာ ထိုင်းနိုင်ငံသို့ တင်ပို့မှုနှင့်ပင်လယ်ရေကြောင်းတင်ပို့မှု အားကောင်းခဲ့ရာမှ ပြောင်းဈေး တစ်ပိဿာကျပ် ၁၀၀၀ ကျော်ဈေးကိုရောက်ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်း ဒေါ်လာငွေလှဲလှယ်နှုန်းအသေ ၁၈၅၀ သက်မှတ်လိုက်ခြင်းကြောင့် ပြောင်းတင်ပို့မှုရပ်နားသွားပြီး ပြောင်းဈေးကွက် ကျဆင်းနေခြင်းဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံသို့ တင်ပို့သည့်လမ်းကြောင်းမှာလည်း လက်ရှိတွင် ပိတ်ထားသောကြောင့် ဈေးကွက်ပိုမို အေးသွားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here