မန္တလေးမြို့၊ကျုံးလေးပြင်လေးရပ်တွင် သံဃာတော်အပါး ၁၀၀၀၀ကျော်ကို လှူဒါန်းမည့် ဆွမ်းလောင်းပွဲကျင်းပမည်

0
196

မန္တလေးမြို့၊ကျုံးလေးပြင်လေးရပ်တွင် သံဃာတော်အပါး ၁၀၀၀၀ကျော်ကို လှူဒါန်းမည့် ဆွမ်းလောင်းပွဲကျင်းပမည်


မန္တလေးမြို့၊ကျုံးလေးပြင်လေးရပ်ရှိ လမ်းများပေါ်တွင် သံဃာတော်အပါး ၁၀၀၀၀ကျော်ကို လှူဒါန်းမည့် ဆွမ်းလောင်းပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးမှူး၍ မေလ၁၄ရက်(ကဆုန်လပြည့်နေ့)နံနက်ပိုင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“မန္တလေးမြို့ပေါ်က လေးပြင်လေးရပ်က ကျောင်းတိုက်တွေက သံဃာတော်အပါး၁၀၀၀၀ကျော်ကို လာမယ့်မေလ၁၄ရက်(ကဆုန်လပြည့်နေ့)မှာ ဆွမ်းခံကြွဖို့ ဖိတ်ကြားထားပါတယ်။ဆွမ်းလောင်းပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး ကျင်းပတာဖြစ်ပါတယ်။သဒါ္ဒထက်သန်တဲ့ မန္တလေးသူမန္တလေးသားတွေက ဝိုင်းဝန်းလှူဒါန်းတာတွေလည်း ပါပါတယ်´´ဟုတာဝန်ရှိသူတစ်ဦးကပြောသည်။

ဆွမ်းလောင်းပွဲအစီအစဉ်မှာ မေလ၁၄ရက်နေ့ နံနက်၆နာရီတွင်စတင်မည်ဖြစ်ပြီး ၆၆ လမ်းအတိုင်း ကျုံးအရှေ့ဘက်(အရှေ့ပြင်)တွင် သံဃာတော်(၂၅၆၆) ပါး၊၂၆ လမ်းအတိုင်း ကျုံးတောင်ဘက်(တောင်ပြင်)တွင် သံဃာတော်(၂၅၆၆ )ပါး၊လမ်း၈ဝအတိုင်း ကျုံးအနောက်ဘက်(အနောက်ပြင်)တွင် သံဃာတော် (၂၅၆၆ )ပါး၊၁၂ လမ်းအတိုင်းကျုံးမြောက်ဘက်(မြောက်ပြင်)တွင် သံဃာတော်( ၂၅၆၆)ပါး စုစုပေါင်း သံဃာတော်(၁၀၂၆၄)ပါးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကို လောင်းလှူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် ယခုကဲ့သို့ သံဃာတော်အပါးရေသောင်းချီပါဝင်သော ဆွမ်းလောင်းပွဲများကို ပြီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအစိုးရလက်ထက်များကလည်း ကျုံးဘေးနှင့်ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်း(မန္တလေးလေဆိပ်)တို့တွင်လည်း ကျင်းပခဲ့ဖူးကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here