ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုအတွက် စစ်ဆေးကြားနာမှုများဆက်လက်ပြုလုပ်

0
79

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုအတွက် စစ်ဆေးကြားနာမှုများဆက်လက်ပြုလုပ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသော အမှုများအတွက် ယမန်နေ့ မေ ၁၀ ရက်ကနေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ်အထူးသီးသန့်တရားရုံးတွင် ရုံးထုတ် စစ်ဆေးကြားနာခဲ့သည်ဟု တရားရုံးနှင့်နီးစပ်သူများထံမှသိရသည်။

“ဦးမောင်ဝိတ်က လှူတယ်ဆိုတဲ့အမှု၂ခုက တရားလိုဦးရဲထက်ကို စစ်မေးတာတွေလုပ်ခဲ့ပါတယ်။အမှုအမှတ်၃နဲ့၄အတွက်ပါ”ဟု တရားရုံးနှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါရာကြီးမှုအမှတ် ၃/၂၀၂၂နှင့် ၄/၂၀၂၂အမှုသည် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်လှူသည့် အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို လက်ခံရယူသည်ဟုဆိုကာ စွဲဆိုထားသော တို့ဖြစ်ကြောင်း သိရသည်။

ယင်းအမှုအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အရာရှိ တရားလိုဖြစ်သူ ဦးရဲထက်ကို စစ်ဆေးခဲ့ကြပြီးနောက် စွပ်စွဲခံရသူ ရှေ့နေများဘက်မှလည်း ပြန်လှန်မေးခွန်းများ စစ်မေးခဲ့ကြသည်ဟုသိရသည်။

ထို့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့်ပတ်သက်၍ စွဲဆိုထားသော ရာကြီးမှုအမှတ် ၃/၂၀၂၁၊ ၄/၂၀၂၁နှင့် ၅/၂၀၂၁ အမှုတို့အတွက် တရားလိုပြသက်သေ ဒေါက်တာသန့်သော်ကောင်း ရောက်ရှိလာခြင်းမရှိသည့်အတွက် အစိုးရဘက်ရှေ့နေက ၎င်းအား သက်သေအဖြစ်မှရုပ်သိမ်းကြောင်း တရားသူကြီးကို လျောက်ထားခဲ့သည်။

တရားသူကြီးက ဒေါက်တာသန့်သော်ကောင်းကို သက်သေအဖြစ်မှရုပ်သိမ်းမှုအား လက်ခံခဲ့ပြီး၊ နောက်ထပ် တရားလိုပြသက်သေတစ်ဦးအား လာမည့်ရုံးချိန်းတွင် ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်ချက်အမိန့်ချခဲ့သည်။

အဆိုပါအမှုများအားလုံးကို ဆက်လက်စစ်ဆေးကြားနာရန် မေ ၁၇ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျန်းမာရေးကောင်းမွန်နေသည်ကိုတွေ့ရကြောင်း ဆိုသည်။

Photo – Nikkei Asia

 


LEAVE A REPLY

Please enter your comment!
Please enter your name here