မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရပ်ကျေးရုံးအတွင်း သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ် ၂ ဦးသေဆုံး

0
201

မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရပ်ကျေးရုံးအတွင်း သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ် ၂ ဦးသေဆုံး

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊အမှတ်(၃)ရပ် ကွက်၏ ရပ်ကျေးရုံးတွင် မေ ၁၁ ရက်နံနက် ၁၀ နာရီခန့်က ရပ်ကျေးအဖွဲ့ဝင်များအစည်းအဝေးပြု လုပ်နေစဥ် သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ် ပွားခဲ့သည်ဟု သိရသည်။

ရပ်ကျေးအဖွဲ့ဝင်များသည် ရပ်ကွက်အတွင်းလုံခြုံရေးအတွက် အစည်းအဝေးပြုလုပ်လျက်ရှိစဥ် အမည်မသိလက်နက်ကိုင်များက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ၂ ထပ်အဆောက်အဦးရဲ့အပေါ်ထပ်မှာရှိတယ် အစည်းအဝေးလုပ်နေတုန်းပစ်ခံရတာလို့သိရတာပဲ သေနတ်သံတွေကြားလိုက်တယ် ပြီးတော့သေနတ်ကိုင်ထားတဲ့လူတွေပြေးဆင်းလာပြီး ထွက်ပြေးသွားကြတယ်”ဟုအခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။

ပစ်ခတ်မှုဖြစ်စဥ်ကြောင့် အမှတ်(၃)ရပ်ကွက်၏ ရာအိမ်မှူးတစ်ဦးဖြစ်သည့် ဒေါ်ကြည်ခိုင်ဝင်းသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးနေဝင်းနှင့်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမြသန်းတို့တွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ရာအိမ်မှူးတစ်ယောက်သေတယ် ဒဏ်ရာရတဲ့ ၂ ယောက်ကိုတော့ အရေးပေါ်ကားနဲ့ဆေးရုံခေါ်သွားတာတွေ့တယ် ကြားရသလောက်တော့ ဆေးရုံမှာတစ်ယောက်ထပ်သေတယ်လို့ကြားတယ် ဆေးရုံကိုလိုက်သွားပြီးစုံစမ်းဖို့ဆိုတာကလည်း ကျွန်တော်တို့အတွက်မလွယ်ဘူးလေ တစ်ယောက်ထပ်သေတယ်လို့ပဲသိတယ်”ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ကျိုက်ဝိုင်းဘုရားလမ်းနှင့်သမိုင်းလမ်းဆုံတို့တွင်လည်း ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ရပ်ကွက်ထဲတွေလည်းလိုက်စစ်နေကြတာတွေ့တယ် လမ်းတွေမှာလည်း စစ်သားတွေရဲတွေ အတော်များတယ်”ဟု အမှတ်(၃)ရပ်ကွက်နေသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here