သရုပ်ဆောင်ရဲတိုက်အမှုအတွက် ယနေ့အပြီးသတ်လျောက်လဲချက်ပေး၊ လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

0
260

သရုပ်ဆောင်ရဲတိုက်အမှုအတွက် ယနေ့အပြီးသတ်လျောက်လဲချက်ပေး၊ လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

သရုပ်ဆောင်ရဲတိုက်အား စွဲဆိုထားသော မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ အမှုအတွက် ယနေ့ မေ ၁၂ရက်တွင် ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး၌ အပြီးသတ်လျောက်လဲချက်ပေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေတစ်ဦးက ပြောသည်။

“ဒီနေ့က ကိုရဲတိုက်အမှုအတွက် အပြီးသတ်လျောက်လဲချက်ပေးပါတယ်။ ဒီနေ့အပြီးသတ်လျောက်လဲချက်ဆိုတော့ ရှေ့တစ်ပတ်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမှတ်မှာပေါ့။”ဟု ဆိုသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် တရားစွဲဆိုခံထားရသော သရုပ်ဆောင်ရဲတိုက်အမှုအတွက် ယနေ့ မေလ ၁၂ ရက်တွင် အမှုမှ ပြန်လည်လွှတ်ပေးရန်ဆိုသည့် အပြီးသတ်လျှောက်လဲချက် တစ်ခုကို တင်ပြသွားရန်လည်းရှိနေသည်။

ပြီးခဲ့သော ဧပြီ ၂၀ ရက်က ရဲတိုက်အား စွဲဆိုထားသော မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၃ အမှု အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး၊ ၎င်း၏ ညီမဖြစ်သူနှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့က ခံပြသက်သေအဖြစ် လာရောက်ထွက်ဆို အစစ်ဆေးခံခဲ့ကြသည်။

လက်ရှိတွင် သရုပ်ဆောင်ရဲတိုက်အနေဖြင့် ကျန်းမာရေးကောင်းမွန်လျှက်ရှိသော်လည်း အကျဉ်းထောင်တွင်း ဆေးရုံတွင်သာ ထားရှိကြောင်း သိရသည်။

သရုပ်ဆောင် ရဲတိုက်အနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံရကာ ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရပြီး၊ ယင်းအမှုအတွက် ချုပ်ရက်မှ ခံစားခွင့်ပြုထား သောကြောင့် နှစ်နှစ် နီးပါးသာ ကျခံရန် ကျန်ရှိတော့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here