အကယ်ဒမီ မီးလင်းရွှေဈေးနှုန်း ၁၉ သိန်း ၈သောင်း ကျပ်ဝန်းကျင်ဖြင့် ဈေးဖွင့်ထားသော် ဈေးကွက်တွင်ရောင်းချခြင်းမရှိနေ

0
670

အကယ်ဒမီ မီးလင်းရွှေဈေးနှုန်း ၁၉ သိန်း ၈သောင်း ကျပ်ဝန်းကျင်ဖြင့် ဈေးဖွင့်ထားသော် ဈေးကွက်တွင်ရောင်းချခြင်းမရှိနေ

ရန်ကုန်တိုင်း ရွှေကုန်သည်နှင့်ရွှေလုပ်ငန်းရှင်အသင်းမှ ရွှေဈေးနှုန်းအဖွင့်ဈေးမှာ ယနေ့ (မေ ၁၂ ရက်) တွင် အကယ်ဒမီမီးလင်း ရွှေတစ်ကျပ်သားလျှင် ၁,၉၇၆,၅၀၀ ကျပ်ဖြင့်ဈေးဖွင့်ထားကြောင်းသိရသည်။

သို့သော် ဈေးကွက်တွင် အကယ်ဒမီရွှေမှာ ထိုစျေးဖြင့် အရောင်းမရှိကြောင်းသိရသည်။

အကယ်ဒမီရွှေမှာ တစ်ကျပ်သားလျှင် ၁၉ သိန်း ၈သောင်း ကျပ်ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းနေခဲ့ကာ ထိုဈေးဖြင့်ဝယ်လိုအားများရှိနေခဲ့သော်လည်း ရွှေဆိုင်များတွင် ရောင်းချခြင်းမရှိပေ။

“စျေးပြန်ကျနေတယ်ကြားမိလို့ ဟိုရက်တွေက ရွှေဆိုင်တစ်ဆိုင်ကိုဝယ်မလို့မေးကြည့်တော့ ကုန်ကြမ်းပြတ်နေတယ်ဆိုပြီးပြောတယ်။ ၁၅ ပဲရည်ကျတော့ စုဖို့ဆို အလျော့တွက် လက်ခနဲ့ကျ မကိုက်ဘူးလေ။ ဒုံးဝယ်ဖို့မေးတော့လည်း စျေးက သာမန်ထက်ပိုနေတယ်လေ အဲ့တာကြောင့် ဝယ်လို့မရခဲ့ဘူး” ဟု ရွှေဝယ်ယူစုဆောင်းသူတစ်ဦးက ယခုလို ပြောသည်။

စျေးကွက်မတည်ငြိမ်ခြင်းဟာ ရောင်းချသူတွေ စျေးနှုန်းထိန်းထားခြင်းများကြောင့် ဖြစ်ပေါ်နေရတဲ့ ရလဒ်ဖြစ်ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့် သက်ဆိုင်ရာငွေကြေးထိန်းချုပ်သည့် တာဝန်ရှိသူများ၏ မှာကြားချက်တွေအရ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။
” စျေးကွက်မတည်ငြိမ်တဲ့အပေါ် ပြောရရင် စျေးထိန်းတဲ့သဘောမျိုးလေးတွေတွေ့နေရပါတယ်။ ပြောရရင် ကိုယ်ဝယ်တုန်းက ဈေးတက်နေပြီး ကိုယ်ရောင်းတော့မှ ကျနေတယ်ဆိုရင် သိပ်မရောင်းချင်ကြပဲ စျေးထိန်းကြတာပေါ့၊ ဆရာတို့စကားအရဆိုစျေးနှုန်းထိုင်စောင့်တယ်ခေါ်တာပေါ့ အဲ့ဒါကြောင့်ဖြစ်နေရတာပါ” ဟု ရွှေလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူက ပြောသည်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာတော့ တစ်အောင်စလျှင် ၁၈၅၄ ဒေါ်လာဈေးအထိ ကျဆင်းနေကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here