(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

0
132

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မေလ (၁၂) ရက် ဒေသစံတော်ချိန် ညခုနစ်နာရီ (မြန်မာစံတော်ချိန်ညခုနစ်နာရီခွဲ) တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မိုင်ဒင့်(My Dinh) အမျိုးသားအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်မှဒီဇင်ဘာလ ၂ ရက်နေ့အထိကျင်းပရမည်ဖြစ်သော ၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကို COVID 19 ကပ်ရောဂါကြောင့် ယခုကဲ့သို့ နောက်ဆုတ်ကျင်းပရခြင်းဖြစ်သည်။

ယခုနှစ်တွင်ကျင်းပသော အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၄၀ မျိုးပါဝင်ပြီး ပွဲစဉ်ပေါင်း ၄၉၈ ပွဲဖြင့်ကျင်းပသွားမည်ဖြစ်သည်။အဆိုပါပွဲစဉ်များတွင် အမျိုးသားအားကစားပွဲစဉ် ၂၅၆ ပွဲနှင့် အမျိုးသမီးအားကစားပွဲစဉ် ၂၄၂ ပွဲပါဝင်မည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံမှအားကစားသမားပေါင်း ၅၄၆၇ ဦးခန့်ပါဝင်ယှဉ်ပြိုင်ကြကြောင်း ဗီယက်နမ်နိုင်ငံ မီဒီယာများ၏ဖော်ပြချက်များမှသိရှိရသည်။

၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို COVID 19 ကပ်ရောဂါကြိုတင်ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ ကျင်းပပြုလုပ်ရသောကြောင့် ဖွင့်ပွဲအတွင်းသို့ နိုင်ငံအလိုက်စီတန်းဝင်ရောက်ချိန်တွင် တစ်နိုင်ငံလျှင် နိုင်ငံကိုယ်စားပြုအားကစားသမား ၃၁ ဦးသာဝင်ရောက်ရန်ခွင့်ပြုထားကြောင်းသိရသည်။

ယခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၄၀ မျိုးပါဝင်သည့်အနက် (၂၀) မျိုးအား မြန်မာနိုင်ငံမှဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယခုလက်ရှိအချိန်ထိ မြန်မာနိုင်ငံမှ ကူရက်ရှ်အားကစားနည်းဖြင့် အမျိုးသမီးအားကစားသမားများဖြစ်သော မအေးအေးအောင်နှင့် မခင်ခင်စုတို့မှ ရွှေတံဆိပ်နှင့် ကြေးတံဆိပ်တစ်ခုစီအသီးသီးရယူထားကြသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပသည်မှာ ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၃ ခုနှစ်ကလည်း ၂၂ ကြိမ်မြောက်‌အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပပြုလုပ်ခဲ့သေးသည်။

၂၀၂၃ ခုနှစ်တွင်မူ ကမ္ဘောဒီးယားနိုင်ငံမှ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အိမ်ရှင်နိုင်ငံအဖြစ်တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here