၂နှစ်ကျော်ပိတ်ထားသည့် မြန်မာ – လာအို ချစ်ကြည်ရေးတံတား ယနေ့ စတင်ပြန်လည်ဖွင့်လှစ်

0
325

၂နှစ်ကျော်ပိတ်ထားသည့် မြန်မာ – လာအို ချစ်ကြည်ရေးတံတား ယနေ့ စတင်ပြန်လည်ဖွင့်လှစ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ မြန်မာ – လာအိုချစ်ကြည်ရေးတံတားအား ယနေ့မေလ၁၃ရက်နံနက်ပိုင်း၌ စတင်ဖွင့်လှစ်လိုက်ပြီဟုသိရသည်။

ကျိုင်းလပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် လာအိုနိုင်ငံ၊တာ့ခ်ခရိုင်မှ ဒုမြို့နယ် အုပ်ချုပ်ရေးမှုး Mr.Houmphan Chanthavong ဦးဆောင်သော အဖွဲ့တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြခြင်းဖြစ်သည်ဟု ရှမ်းအရှေ့သတင်းကဖော်ပြသည်။

မြန်မာ -လာအို ကျိုင်းလပ်တံတား သည်ကုန်စည်ကူးသန်းရေးအတွက် အဓိကထားဆောင်ရွက်မည့်တံတားဟုသိရသည်။

လာအိုနိုင်ငံနှင့် ကုန်စည်ကူးသန်းရာ၌ ယာဉ်မောင်းများအနေနှင့် ကိုဗစ် ရောဂါ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန် လိုအပ်ပြီး ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးရန် လိုအပ်ကြောင်း၊(၁၄)ရက် တစ်ကြိမ် ကိုဗစ် (၁၉)ရောဂါ ရှိမရှိ စမ်းသပ်စစ်ဆေးရန် လိုအပ်ကြောင်း၊ ကုန်စည်ကူးသန်းသည့်အခါ၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၂)ဦးသာ လိုက်ပါရမည်ဖြစ်ပြီး သတ်မှတ်သည့် ကုန်ချ ကွင်း၌သာ ကုန်တင်ကုန်ချ ပြုလုပ်ရမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံမှ တင်သွင်းခွင့်ပြုသည့် ကုန်ပစ္စည်းများအား ပို့ဆောင်ရာတွင် လာအိုမှ လက်ခံရမည်ဖြစ်ပါကြောင်းနှင့် ထိုမှတဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရမည် ဖြစ်ပါကြောင်း စသည့် အချက်အလက်များအား ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှု ရရှိခဲ့ကြကြောင်း သိရှိရသည်။

ယခုဖွင့်လှစ်သည့် တံတားအား မြန်မာ စံတော်ချိန် နံနက် (၇)နာရီမှ ညနေ (၅)နာရီထိ နေ့စဉ်ဖွင့်လှစ်မည်ဖြစ်ပြီး ကုန်စည်ပို့ဆောင်သူများအနေနှင့် နေ့ချင်းပြန် ဆောင်ရွက်ရမည်ဖြစ်သည်ဟု သိရှိရသည်။

အဆိုပါ တံတားအား ၂၀၁၅ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ကိုဗစ် ၁၉ရောဂါများကြောင့် ပိတ်ထားခဲ့ရာမှာ (၂)နှစ်ကျော်အကြာမှာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here