တက္ကသိုလ်၊ကောလိပ်များပြန်ဖွင့်၊တက်ရောက်သူအရေအတွက် မများသေးဘဲ နည်းပါးနေဆဲအခြေအနေရှိ

0
119

တက္ကသိုလ်၊ကောလိပ်များပြန်ဖွင့်၊တက်ရောက်သူအရေအတွက် မများသေးဘဲ နည်းပါးနေဆဲအခြေအနေရှိ

စာသင်ရက်ပေါင်း ၈၀ ဖြင့် ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း တက္ကသိုလ်၊ကောလိပ်များအား မေလ ၁၂ရက်ကစပြီး တစ်နိုင်ငံလုံးတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဟုသိရသည်။

လက်ရှိတွင် ကျောင်းတက်ကြသူအရေအတွက်မှာမူ နည်းပါးလျှက်ရှိနေသးသော်လည်း ယခင်နှစ်ကထက်မူ အရေအတွက် ပိုတိုးလာသည်ကို တွေ့ရသည်ဟု ပညာရေးအသိုင်းအဝိုင်းကပြောသည်။

နစကဥက္ကဌက ဆေးတက္ကသိုလ်တက်ရောက်ရန်အတွက် ကျောင်းလာရောက်အပ်နှံသူ ၅၀ ရာခိုင်နှုန်းကျော်ခန့်ရှိပြီး ဆက်လက်လာရောက် သင်ကြားမည့်သူများရှိကြောင်း မေလ ၁၂ရက် အစည်းအဝေးတွင် ထည့်သွင်းပြောကြားထားမှုရှိခဲ့သည်။

“တစ်နှစ်အောက်ခဲ့ရသူတွေလည်းရှိတော့ အချို့က ပြန်တက်ချင်ကြလို့ တက်တာတွေရှိပါတယ်။အချို့ကလည်း ခံယူချက်တွေကြောင့် မတက်သူလည်းရှိကြတာပေါ့။ဒါတွေက ရှိကြတာပဲလေ။ဘာပဲဖြစ်ဖြစ် တက်သူအရေအတွက်က ပုံမှန်နှစ်တွေလို မများပေမယ့် မနှစ်ကထက်တော့ များလာတာက အသေအချာပဲ”ဟု ပညာရေးအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက သုံးသပ်သည်။

ပြည်ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းစဖွင့်သည့် မေလ၁၂ရက်က ပထမနှစ်(ပထမနှစ်ဝက်)သင်တန်းတွင် ကျောင်းတက်သူ ၁၀၃ဦး၊ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းတွင် ၆၁ဦး ရှိကာ ထိုရက်မှာပင် ကျောင်းလာအပ်သူအချို့ရှိခဲ့သည်။

အလားတူ ကွန်ပျူတာတက္ကသိုလ်ပြည်တွင် ကျောင်းသားသစ် ၇၀ကျော်၊နည်းပညာတက္ကသိုလ်သန်လျင်တွင် ပထမနှစ် သင်တန်းသား ၁၈၀ကျော် တက်ရောက်ကြသည်ဟု သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ဩဂုတ် ၃၁ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ) စာသင်ရက်ပေါင်း ၈၀ ဖြင့် ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ရာ မေလ ၁၂ရက်ကစပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် ၂ ခုနှင့် စိုက်ပျိုးရေးသိပ္ပံ‌ကျောင်း ၁၃ ခု၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်နှင့် ကောလိပ် ၄၇ ခု၊ ဆရာအတတ်ပညာဦးစီးဌာနအောက်ရှိ ပညာရေးဒဂရီကောလိပ် ၂၅ ခု၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဉီးစီးဌာနအောက်ရှိ တက္ကသိုလ် ၆၀ ခု၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ် ၄ ခုနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၂၂ ခုတို့ကို စတင်ဖွင့်လှစ်လိုက်ပြီဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here