အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေး၏ ပူးတွဲကြေညာချက် စာပိုဒ်အမှတ် ၂၆ အား ကန့်ကွက်ကြောင်း နစကနိုင်ငံခြားရေးကြေညာချက်ထုတ်

0
163

အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေး၏ ပူးတွဲကြေညာချက် စာပိုဒ်အမှတ် ၂၆ အား ကန့်ကွက်ကြောင်း နစကနိုင်ငံခြားရေးကြေညာချက်ထုတ်

အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ နစက နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ မေလ ၁၄ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ကြေညာချက်ထဲ ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တွင် ကျင်းပခဲ့သည့် အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည့်ကိစ္စနှင့် ပူးတွဲထုတ်ပြန် ကြေညာချက်ကို မှတ်သားထားသည့်အကြောင်း၊အဆိုပါ အထူးထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ရောက်ရန် ဖိတ်ကြားစာကို ပေးပို့ခဲ့သည့်အကြောင်း၊ အဆိုပါဖိတ်ကြားမှုသည် အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ အခြေခံမူများဖြစ်သော နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူ ရှိမှုတို့ကို လေးစားလိုက်နာခြင်းမှ သွေဖည်နေသည့်အတွက် ဖော်ပြပါအစည်းအဝေးများသို့ မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခြင်းမပြုခဲ့သည့်အကြောင်းများ အစချီကာ အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေး၏ ပူးတွဲကြေညာချက် စာပိုဒ်အမှတ် ၂၆ အား ကန့်ကွက်ကြောင်း နစကနိုင်ငံခြားရေးကြေညာချက်ထုတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာပိုဒ်ကို ထည့်သွင်းခြင်းမပြုရန် တောင်းဆိုခဲ့သော်လည်း အာဆီယံ၏ တူညီဆန္ဒမပါရှိဘဲ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်ဟု နစကနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အပိုဒ် ၂၆ ထဲ မြန်မာနိုင်ငံအကျပ်အတည်းအပေါ် အထူးစိုးရိမ်ကာ၊၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးအတွင်း အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် မြန်မာနိုင်ငံက အချိန်ကိုက် အကောင်အထည်ဖော်ရန် တောင်းဆိုထားပြီး၊သက်ဆိုင်သူများ အားလုံးနှင့် တွေ့ဆုံခွင့်ရပြီး ယုံကြည်မှုများ တည်ဆောက်ရေး၊ အရေးတကြီး လိုအပ်နေသူများ အပါအဝင် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများအား ခွဲခြားဆက်ဆံမှုမရှိဘဲ ပေးအပ်နိုင်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်မှတဆင့် အဖြေတရပ်ရရှိအောင် အာဆီယံ၏ ပံ့ပိုးနေမှုကို ဆက်လက် အားပေးသွားမည့်အကြောင်း၊ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်တန့်ရေး၊ နိုင်ငံခြားသားများ အပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးရေး၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးသံတမန်တို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုကို ကြိုဆိုကြောင်း စသည့် အချက်များပါဝင်နေသည်ဟုသိရသည်။

နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုစာပိုဒ်တွင်ပါရှိသည့် အသုံးအနှုန်းများသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ သက်ဆိုင်ရာနိုင်ငံကို သမာသမတ် ကျသည့်နည်းဖြင့် ချဉ်းကပ်မှုမရှိခြင်းကို အထင်အရှား တွေ့ရှိရကြောင်း ထောက်ပြထားသည်။

ထို့အပြင် အချို့အကြောင်းအရာများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအတွင်းရှိခြင်း၊ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များအစည်းအဝေးတွင် သဘောတူညီခဲ့သည့် အာဆီယံ၏ တူညီဆန္ဒ (၅) ချက်ပါ အချက်များထက် ကျော်လွန်နေသော တောင်းဆိုချက်များ ပါဝင်နေခြင်းကို တွေ့ရှိရကြောင်းပါ ဖော်ပြသည်။

ထို့ကြောင့် အာဆီယံ၏ ထုတ်ပြန်ကြေညာချက်များတွင် နိုင်ငံတစ်နိုင်ငံ၏ကိစ္စရပ်ကို နိုင်ငံအလိုက် အထူးပြုထည့်သွင်းဖော်ပြခြင်း မပြုသင့်ကြောင်းကို မြန်မာနိုင်ငံအနေဖြင့် အစဉ်တစိုက် ရပ်တည်ထားရှိပြီး အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေး၏ ပူးတွဲကြေညာချက် ကို အာဆီယံတူညီဆန္ဒမပါရှိဘဲ ထုတ်ပြန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံမှ စာပိုဒ်အမှတ် ၂၆ ကို ပြတ်သားစွာပယ်ချပြီး ပါဝင်ပတ်သက်မှုမရှိကြောင်း ပြောကြားကာ အမျိုးသားညီညွတ်ရေးအစိုးရဆိုသည့် NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဆိုသူများနှင့် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဝါရှင်တန်၌ တွေ့ဆုံခဲ့ခြင်းအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်ကြောင်းလည်းဆိုသည်။

နစက နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အဆိုပါ တရားမဝင်အဖွဲ့များ၊ အကြမ်းဖက်အဖွဲ့များ နှင့် ထိတွေ့ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန် ကန့်ကွက်စာများလည်း ပေးပို့ခဲ့ပြီးဖြစ်သည့်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် မိတ်ဖက်နိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော် အမတ်များအနေဖြင့် NUG၊ CRPH စသည့် ကိုယ်စားလှယ်များ အား ထိတွေ့ဆက်ဆံခြင်းနှင့် အားပေးပံ့ပိုးခြင်းများ မပြုလုပ်ကြရန် ထပ်လောင်းတောင်းဆိုခဲ့သည်ဟုသိရသည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here