ရေဦးမြို့နယ်တွင် ယခုတစ်ပတ် ၅ ရက်အတွင်း ရုပ်အလောင်း ၁၁ လောင်းတွေ့ရှိခဲ့

0
179

ရေဦးမြို့နယ်တွင် ယခုတစ်ပတ် ၅ ရက်အတွင်း ရုပ်အလောင်း ၁၁ လောင်းတွေ့ရှိခဲ့

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်တွင် ယခုတစ်ပတ်(မေ ၁၀ ရက်မှ ၁၄ ရက်)အတွင်း လူသေရုပ်အလောင်း ၁၁ လောင်းအား တွေ့ရှိခဲ့ရသည်ဟု ရေဦးမြို့အခြေစိုက် ပုညကုသလလူမှုကူညီရေးအသင်း(ရေဦးမြို့)မှ သိရသည်။

ရုပ်အလောင်းများတွေ့ရှိမှုအနေဖြင့် မေ ၁၄ ရက်နံနက် ၉ နာရီခွဲခန့်တွင် မူးဆုံနှင့်မစိုးရိမ်ကြားရှိ ယူကလစ်တော၌ ရုပ်အလောင်း ၁ ခုအားတွေ့ရှိခဲ့ရသဖြင့် ပုညကုသလလူမှုကူညီရေးအသင်းမှသယ်ယူ၍ ရေဦးပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့သည်။

ထို့ပြင် မေ ၁၃ ရက်နေ့လည် ၃ နာရီခွဲခန့်၌ နှောကုန်းကျေးရွာအကျော်ရှိ ရေဦးတူးမြောင်းနှစ်ခုဆုံသည့် တူးမြောင်အတွင်းရေထဲမှ ရုပ်အလောင်း ၂ ခုအားတွေ့ရှိခဲ့ရကြောင်း သိရသည်။

အလားတူ ယင်းနေ့နံနက် ၁၁ နာရီခန့်၌ မုံတိုင်ပင်ကျေးရွာတွင် ရုပ်အလောင်း ၂ ခုတွေ့ရှိရသဖြင့် ပုညကုသလလူမှုကူညီရေးအသင်းမှ ရေဦးဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့သည်။

ထို့ပြင် မေ ၁၂ ရက်ညနေ ၅ နာရီခွဲခန့်တွင် ကန်ပေါက်ကျေးရွာအနီးရှိ ရေဦးတူးမြောင်းဘောင်ပေါ်မှ ရုပ်အလောင်း ၂ ခုအားတွေ့ရှိခဲ့ရကြောင်း သိရပြီး နေ့လည် ၃ နာရီခွဲခန့်ကလည်း ရေဦး-ဒီပဲယင်းသွားကားလမ်း၏ ပြည်တော်မင်းလေးပါးကျောင်းလမ်းခွဲလမ်းဘေး၌ ရုပ်အလောင်း ၂ ခုအား တွေ့ရှိခဲ့ရသည်ဟု ပုညကုသလလူမှုကူညီရေးအသင်းမှ သိရသည်။

အလားတူ မေ ၁၁ ရက်နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မုံတိုင်ပင်ကျေးရွာအနီး၌ ရုပ်အလောင်းတစ်ခုအားတွေ့ရှိခဲ့ရသည်ဟု သိရသည်။

ထို့အတူ မေ ၁၀ ရက် နံနက် ၈ နာရီခွဲခန့်ကလည်း နယ်ထန်းဘဲလှကျေးရွာအနီး၌ ရုပ်အလောင်းတစ်ခုအား တွေ့ရှိခဲ့ရသည်ဟု ပုညကုသလ လူမှုကူညီရေးအသင်းမှ သိရသည်။

သေဆုံးလျက်တွေ့ရှိရသည့် ရုပ်အလောင်း ၁၁ လောင်းအား ပုညကုသလလူမှုကူညီရေးအသင်း (ရေဦးမြို့)မှ ရေဦးမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here