မတ္တရာမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီး၊စာသင်ကျောင်းနှင့်လူနေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ရပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့

0
89

မတ္တရာမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီး၊စာသင်ကျောင်းနှင့်လူနေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ရပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့

မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်အတွင်း ကျေးရွာအချို့တွင် မေလ၁၆ရက် နံနက်၇နာရီခန့်က မိုးသည်းစွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီး၊စာသင်ကျောင်းနှင့်လူနေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ရပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရကြောင်း မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဧရာဝတီမြစ်ရိုးနံဘေးရှိ ကောက်ရိုးပုံ၊ဝေဘုံ၊ဝေဟင်ကမ္မ၊တောင်ပြုံး၊ဝါးရင်းတို၊ပဲကော၊ရှင်လှ၊ဘေးမဲ့ အစရှိသောကျေးရွာအုပ်စုများမှ လူနေအိမ်၁၂လုံး သစ်ပင်ပိပျက်စီးခဲ့ရပြီး လူနေအိမ်၈၁လုံး အမိုးလန်ပျက်စီးခဲ့ရကြောင်း၊ဘေးမဲ့ကျေးရွာမှ မူလတန်းကျောင်းရှိ စာသင်ဆောင်နှင့်ပဲကောကျေးရွာမှ သမန္ဒရဘုန်းတော်ကြီးကျောင်းတို့ အမိုးလန်ပျက်စီးခဲ့ရကြောင်း၊ဇီးဖြူကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ရကြောင်း မြို့နယ်ထွေအုပ်ရုံးမှသိရသည်။

“မြို့နယ်ထွေအုပ်အနေနဲ့ လေဘေးသင့်ခဲ့တဲ့နေရာတွေကို နိုင်ငံတော်ကနေထောက်ပံ့ပေးဖို့အတွက် တိုင်းဒေသကြီးအစိုးအဖွဲ့ကို အချိန်နဲ့တပြေးညီတင်ပြထားပါတယ်။လေဘေးသင့်ခဲ့တဲ့သူတွေ နေရေးထိုင်ရေးနဲ့ စားဝတ်နေရေးအဆင်ပြေ အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးထားပါတယ်။ကျွန်တော်တိုမတ္တရာမြို့နယ်အတွင်းမှ အခုဖြစ်တာကလေပေါ့။နောက်ပြီးတော့ နှစ်စဉ်နှစ်တိုင်း ရေကြီးနစ်မြှုပ်တွေဖြစ်လေ့ဖြစ်ထရှိပါတယ်။ဒါကြောင့်မြို့နယ်ထဲမှာ Cyclone shelterတစ်ခု တည်ဆောက်ပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အဆင့်ဆင့်တင်ပြထားပါတယ်´´ဟုမြို့နယ်ထွေအုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မတ္တရာမြို့နယ်အတွင်းရှိကျေးရွာများတွင် ၂၀၂၂ခုနှစ်အတွင် လေပြင်းတိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသည်မှာ ယခုအကြိမ်အပါအဝင်သုံးကြိမ်ရှိခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီး၊စာသင်ကျောင်းနှင့်လူနေအိမ်များ အမိုးလန်ပျက်စီးခြင်း၊သစ်ပင်များ လဲကျခြင်းကျိုးကြခြင်းတို့ရှိခဲ့ကာ သေဆုံးသူမှာ ၂ဦးရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here