ငြိမ်းချမ်းရေးဆွေးနွေးပွဲမှတဆင့် ကောင်းမွန်သော ရလဒ်ထွက်ပေါ်လာသည်အထိ ဆွေးနွေးသွားရန် သံဓိဌာန်ချမှတ်ထား

0
194

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှတဆင့် ကောင်းမွန်သော ရလဒ်ထွက်ပေါ်လာသည်အထိ ဆွေးနွေးသွားရန် သံဓိဌာန်ချမှတ်ထား

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှတဆင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကောင်းမွန်သော ရလာဒ်ထွက်ပေါ်လာသည်အထိ ဆွေးနွေးသွားရန် သံဓိဌာန် ချမှတ်ထားကြောင်း နစက သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြုလုပ်သည့် ၁၄ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ချင်းစီဖြစ် တွေဆုံ ဆွေးနွေးသွား မည်ဖြစ်ပြီး၊ ယင်းတွေ့ဆုံမှုသည့် မြန်မာ့ငြိမ်ချမ်းရေးဖြစ်စဉ်တွင် ရတောင့်ရခဲအခြေအနေနှင့် အချိန်အခါတစ်ခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကောင်းမွန်တဲ့ ရလာဒ်ထွက်ပေါ်လာသည်အထိ ဆွေးနွေးသွားဖို့ သံဓိဌာန် ချထားပါတယ်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးရအောင် ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထပ်လောင်းပြောချင်ပါတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။

ဆွေးနွေးပွဲကို တက်ရောက်ကြမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၀)ဖွဲ့အနက် အကြောင်းအမျိုးမျိုးကြောင့် ခေါင်းဆောင်များကိုယ်တိုင်တက်ရောက်ခြင်းမပြုနိုင်သည့် အဖွဲ့မှ ဦးဆောင်တက်ရောက်မည့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလာဒ်အပေါ် အဆုံးအဖြတ်ပေးနိုင်သည့်သူများအဖြစ် တက်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

တက်ရောက်မည့် အဖွဲ့အလိုက် RCSS/SSA(ရှမ်းအဖွဲ့) ၊ DKBA(ကရင်အဖွဲ့)နှင့် KNU/KNLA-PC (ကရင်အဖွဲ့)တို့သည် ဥက္ကဋ္ဌနှင့် ခေါင်းဆောင်အဆင့်များ ကိုယ်တိုင်တက်ရောက်ကြမည်ဖြစ်ပြီး၊ MNSP(မွန်အဖွဲ့) ၊ ALP (ရခိုင်အဖွဲ့)တို့မှ ဒုတိယဥက္ကဋ္ဌ အဆင့်ရှိသူများ တက်ရောက်ကြမည် ဖြစ်သည်။

ထို့အပြင် PNLO (ပအိုဝ်းအဖွဲ့)နှင့် LDU(လားဟူအဖွဲ့) နှစ်ဖွဲ့မှ တွဲဖက်အတွင်းရေးမှူးအဆင့်ရှိသူတို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here