PPST အနေဖြင့် ငြိမ်းချမ်းရေးကော်မတီနှင့်သာ တွေ့ဆုံရန် အကြောင်းပြန်ကြားစာ ရရှိထားဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြော
ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့(PPST)က နစက ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခွင့်တောင်းဆိုထားသော်လည်း မရရှိသေးဘဲ၊ ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဖြင့်သာတွေ့ဆုံရန် အကြောင်းပြန်စာရရှိထားကြောင်း PPSTမှ ဗိုလ်မှူးကြီးခွန်ဥက္ကာဆိုသည်။
“ကျွန်တော်တို့စာတင်ထားတဲ့အခါမှာ ဗိုလ်ချုပ်ကြီးရာပြည့်အဖွဲ့နဲ့ တွေ့ဖို့ စာပြန်ထားတာရှိပါတယ်။ ကျွန်တော်တို့လောလောဆယ်တော့ တွေ့ဖို့မရှိသေးပါဘူး။”ဟုဆိုသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST)အနေဖြင့် နစက ဥက္ကဌနှင့်တွေ့ဆုံခွင့်တောင်းဆိုမှုသည် ဖက်ဒရယ်ကိစ္စအပေါ် ဦးတည်တောင်းဆိုသွားရန်ဖြစ်ကြောင်း ဆိုသည်။
လက်ရှိတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့တို့တစ်ဖွဲ့လျှင် သုံးရက်ကျစီတွေ့ဆုံဆွေးနွေးနေပြီး၊ ဗိုလ်မှူးကြီးရွက်ဆစ်ဦးဆောင်သည့် RCSS/SSAအဖွဲ့က ပထမဆုံးတွေ့ဆုံဆွေးနွေးခွင့်ရသည့်အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက တစ်ဖွဲ့ချင်းတွေ့ဆုံဆွေးနွေးမှုများသည် အဖွဲ့အလိုက် ၎င်းတို့၏ကိစ္စရပ်များပိုများနိုင်ပြီး၊ ဖက်ဒရယ်ကိစ္စတောင်းဆိုမှုတွင်အခက်အခဲရှိနိုင်ကြောင်းဆိုသည်။
“အစုအဖွဲ့နဲ့တွေ့ရင်တော့ တစ်ပြည်လုံးကိစ္စတို့၊ ဖက်ဒရယ်ကိစ္စတို့ကိုအဓိကထားပြောမှာပေါ့။တစ်ဖွဲ့ချင်းမှာတစ်ဖွဲ့ချင်းကိစ္စများပြီး တစ်ပြည်လုံးကိစ္စတို့၊ ဖက်ဒရယ်ကိစ္စတို့မှာအောင်မြင်ချင်မှအောင်မြင်မယ်။ တစ်ပြည်လုံးကိစ္စကို ခြုံပြီးပြောနိုင်ဖို့က အစုအဖွဲ့ကပြောတာပိုအားရှိတာပေါ့”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA)တို့တွေ့ဆုံအပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတို့နှင့် ထပ်မံတွေ့ဆုံဆွေးနွေးရာ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ RCSS အတွင်းရေးမှူး-၁ စဝ်စိုင်းငင်း၊ RCSS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို့ တက်ရောက်ခဲ့ကြသည်။
ယင်းနှင့်ပတ်သက်၍ မည့်သည့်ကိစ္စရပ်များဆွေးနွေးသည်ကို RCSS/SSA၏ပြောရေးဆိုခွင့်ရှိသူ စဝ်အုံခေးထံသို့ ဖုန်းဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်၍မရရှိပေ။
> Daw Thet Wai:
🖼 Photo