ချမ်းအေးသာစံမြို့နယ်ရှိ ခရိုင်တရားရုံးဝန်ထမ်းအိမ်ယာအနီး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၅ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ မန္တလေးခရိုင်တရားရုံးဝန်ထမ်းအိမ်ယာဝင်းအနီး၌ မေ ၂၂ ရက်(ယနေ့)နံနက် ၉ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ခရိုင်တရားရုံးဝန်ထမ်းအိမ်ယာဝင်းအတွင်းသို့ လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ခြံစည်းရိုးအုတ်တံတိုင်းနှင့်အဆောက်အအုံတစ်ခုကြား၌ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပျက်စီးမှုလည်းမရှိသလို ထိခိုက်ဒဏ်ရာရတာလည်းမရှိခဲ့ပါဘူး ဘယ်သူတွေလာလုပ်သွားတယ်ဆိုတာကိုတော့ လုံခြုံရေးအဖွဲ့တွေကစစ်ဆေးနေကြတယ်”ဟုမြို့နယ်နေသူတစ်ဦးကပြောသည်။
ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များ စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ လမ်းမများတွင်လည်း ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။