ငါးလတာကာလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ(၁၅၀၀)ကျော်နှင့်သေဆုံးသူနှစ်ဦးရှိနေ

0
118
ငါးလတာကာလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ(၁၅၀၀)ကျော်နှင့်သေဆုံးသူနှစ်ဦးရှိနေ
ပြီးခဲ့သော ဇန်နဝါရီလ ၁ ရက်မှ မေလ ၂၀ ရက်နေ့အထိ ရရှိထားသော အချက်အလက်များအရ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁,၅၁၆) ဦးနှင့် သေဆုံးသူ (၂)ဦးရှိကာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားမှုများပြားနေလျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်၊၊
ယခု(၂၀၂၂) ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ထူးကဲစွာအများအပြား (Outbreak) ဖြစ်ပွားမလာစေရေးအား ညှိနှိုင်းအစည်းအဝေးတွင်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်၊၊
ဆက်လက်၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ သန်း (၃၉၀)ခန့် ကူးစက်ဖြစ်ပွားလျက်ရှိရာ အရှေ့တောင်အာရှဒေသ၌ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ဖြစ်ပွားသူဦးရေ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း (၂၀၂၁) ခုနှစ်က ရရှိခဲ့သည့် စာရင်းဇယားများအရ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း (၅,၄၄၆) ဦးရှိပြီး (၃၆) ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရမည်ဖြစ်ကာ ခြင်မှတစ်ဆင့် ကူးစက်သော ရောဂါဖြစ်သည့်အတွက် ခြင်ပေါက်ပွားမှု မရှိစေရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြင်ကျား ပိုးလောက်လမ်းနှင့် သက်ကြီးကောင်ခြင် နှိမ်နင်းခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းနှင့် ကျောင်းများတွင် ခြင်ကျားနှင့် ခြင်ကျားပိုးလောက်လမ်း ကင်းစင်ကျောင်းများ ထူထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ကျန်းမာရေးအသိပညာပေးရန် လိုအပ်ပါကြောင်း၊ ကျောင်းဖွင့်ရာသီ ရောက်ရှိသည့်အခါတွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်စဉ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကိုပါ တစ်ပါတည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ယင်းအစည်းအဝေးမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here