SNLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံမှတဆင့် CECနှင့်EC များ ပြန်လည်ရွေးချယ်တင်မြောက်မည်ဟု စိုင်းကျော်ညွှန့် ပြော

0
68

SNLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံမှတဆင့် CECနှင့်EC များ ပြန်လည်ရွေးချယ်တင်မြောက်မည်ဟု စိုင်းကျော်ညွှန့် ပြော

ရှမ်းအမျိုးသားဒီမိုကရေစီပါတီ(SNLD)၏ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို မေ၂၆ရက်နှင့် မေ၂၇ရက်၌ နှစ်ရက်ကြာကျင်းပမည်ဖြစ်ရာ၊ ယင်းညီလာခံတွင် ပါတီ ဗဟိုကော်မတီဝင်နှင့်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တို့ကိုပြန်လည်ရွေးချယ်တင်မြောက်သွားမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွှန့်ကပြောသည်။

ထို့အပြင် ပါတီညီလာခံတွင် ပါတီဖွဲ့စည်းပုံ၊ ပါတီမူဝါဒများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပြီး၊ ညီလာခံအပြီး ECနှင့်CEC အသစ်များရွေးချယ်ပြီးမှသာ ရှေ့ဆက်ရမည့် ပါတီလုပ်ငန်းစဥ်များကို ဆက်လက်ဆွေးနွေးသွားရန်ရှိကြောင်းဆိုသည်။

” ထုံးစံအတိုင်းက ပါတီဖွဲ့စည်းပုံစည်းမျဥ်းအရ သုံးနှစ်တစ်ကြိမ်နိုင်ငံလုံးဆိုင်ရာညီလာခံလုပ်တယ်။အဲ့ဒီညီလာခံမှာ CECနဲ့ EC တွေပြန်လည်ရွေးကောက်တင်မြှောက်မယ်။ ပြီးတော့ အခြားညီလာခံဆိုင်ရာပါတီဖွဲ့စည်းပုံစသဖြင့်ပေါ့ အဲ့ဒါတွေလုပ်မယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီနဲ့ ဗဟိုကော်မတီဝင်တွေ အသစ်ပြန်ရွေးကောက်တင်မြောက်မယ်။ တာဝန်ပေးအပ်မယ်။ ပြီးရင်ရှေ့ဆက်ရမယ့်လုပ်ငန်းတွေအတွက် ဒီရွေးချယ်တင်မြောက်တဲ့ ကော်မတီဝင်အသစ်တွေထွက်လာပြီဆိုတော့မှဘဲ ရှေ့ဆက်သွားမယ့်လုပ်ငန်းစဥ်တွေဆွေးနွေးတာတွေရှိမယ်ပေါ့ဗျာ။”ဟု စိုင်းကျော်ညွှန့်က ရှင်းပြသည်။

ထို့အပြင် နစက ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း လတ်တလောမဆုံးဖြတ်သေးဘဲ၊ ပါတီအနေဖြင့်ယခု ၂၀၂၂ခုနှစ် ကုန်သည်အထိ ယင်းကိစ္စအပေါ်ဆွေးနွေးသွားရန်မရှိသေးကြောင်းဆိုသည်။

” ရွေးကောက်ပွဲဝင်ဖြစ်မဖြစ်က ညီလာခံနောက်ပိုင်းကျမှာဘဲလုပ်ကြမှာပါ။ ဆုံးဖြတ်ချက်ကတော့ ၂၀၂၂ ခုနှစ်ကုန်တဲ့အထိ အဲ့ဒီအကြောင်း သိပ်ဆွေးနွေးဖို့မရှိသေးဘူး။”ဟုဆိုသည်။

SNLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံသို့ သံရုံးတာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပါတီ၏မိတ်ဖက် နိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့အစည်းများကို ဖိတ်ကြားထားကြောင်း သိရသည်။

အဆိုပါ ညီလာခံဖွင့်ပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်၊နယ်မြေ ၃၊ ကိုးကန့်လူမှုရေးခန်းမတွင်မေ၂၆ရက် နံနက် ၈နာရီမှ ၁၁နာရီအထိကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ညီလာခံကို SNLD ပါတီ၏ဖွဲ့စည်းပုံစည်းမျဉ်းအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအရလည်းကောင်း ယင်းနိုင်ငံလုံးဆိုင်ရာညီလာခံကိုကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ပါတီက ယနေ့တွင်ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here