ကျန်းမာရေးကဏ္ဍတွင် တိုးတက်အောင်မြင်မှုများအတွက် မြန်မာအမျိုးသမီး စွန့်ဦးတီထွင်သူအား Forbes မဂ္ဂဇင်းမှ အသိအမှတ်ပြု
အမေရိကန်အခြေစိုက်စီးပွားရေး မဂ္ဂဇင်းကြီးဖြစ်သည့် Forbes က ၂၀၂၂ အတွက် အာရှတစ်ဝှမ်း အသက် ၃၀ အောက် ထူးချွန်သူ အယောက် ၃၀ တွင် ကျန်းမာရေးနှင့် သိပ္ပံပညာ ကဏ္ဍအတွက် ဒေါက်တာခိုင်ပွင့်နွယ်အား အသိအမှတ် ရွေးချယ်ခဲ့သည်။
နှစ်စဥ်နှစ်တိုင်း Forbes မဂ္ဂဇင်းမှ အာရှတစ်ဝှမ်း အသက် ၃၀ အောက်ထူးချွန်အောင်မြင်သူများ အယောက် ၃၀ ကို ကဏ္ဍ ၁၀ ခုအတွက် ရွေးချယ်အသိအမှတ်ပြုလေ့ရှိသည်။
ဒေါက်တာခိုင်ပွင့်နွယ်အား ရွေးချယ်အသိအမှတ်ပြုခြင်းမှာ သူမ၏ ဒီဂျစ်တယ်ကျန်းမာရေးစောင့်ရှောင့်မှု “ဇီဝက” ကျန်းမာရေးပလက်ဖောင်းဖြင့် ရရှိခဲ့သော အောင်မြင်မှုများအတွက်ဖြစ်သည်။ “ဇီဝက” ကျန်းမာရေးပလက်ဖောင်းသည် ဆေးရုံဆေးခန်းများ၏ စီမံခန့်ခွဲမှု ပိုမိုတိုးတက်ကောင်းမွန်စေရန် အထောက်အကူများစွာပြုလျက်ရှိသည်။ ထို့အပြင် “ဇီဝက” ကျန်းမာရေးပလက်ဖောင်းသည် အွန်လိုင်းကျန်းမာရေးတိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှုဖြင့် ဆရာဝန်နှင့်လူနာများ အလှမ်းမကွာရန် ဆောင်ရွက်ပေးလျက်ရှိသည်။
ဒေါက်တာခိုင်ပွင့်နွယ်သည် ဒေါက်တာအောင်သူရနှင့်အတူ “ဇီဝက” ကျန်းမာရေးပလက်ဖောင်းကို တည်ထောင်ခဲ့ပြီး ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို အခြားဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း တိုးချဲ့ဆောင်ရွက်နိုင်ရန် ရည်မှန်းထားသည်။
သူမပြောပြသည်မှာ “လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာ ကျွန်မ စိတ်လှုပ်ရှားမှုနဲ့အတူ စိတ်အတက်အကျ အများကြီး ဖြစ်ခဲ့ရပါတယ်၊ တော်တော်လေးလည်း ကြိုးစားရုန်းကန်ခဲ့ရပါတယ်၊ စွန့်လည်းစွန့်စားခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ ရည်မှန်းချက်ကတော့ resource နဲ့ infrastructure နိမ့်ပါးရှားပါးတဲ့ အခြေအနေမှာ နည်းပညာကိုအသုံးပြုပြီး ကျန်းမာရေးစောင့်ရှောက်မှုကို အများကြီးတိုးတက်ကောင်းမွန်အောင် မြှင့်တင်နိုင်ဖို့ဘဲဖြစ်ပါတယ်”
၂၀၂၁ ခုနှစ်တွင် “ဇီဝက” ကုမ္ပဏီသည် စင်ကာပူ အခြေစိုက် နာမည်ကြီး Accelerating Asia အစီအစဥ်တွင် အရှေ့တောင်အာရှမှ စွန့်ဦးတီတွင်ကုမ္ပဏီပေါင်း ၅၀၀ ကျော် ထဲမှ ၉ ခုထဲတွင် ရွေးချယ်ခံခဲ့ရသည်။