မန္တလေးတွင် ဓားပြတိုက်လုယက်၍လူသတ်မှုဖြစ်ပွားသည်အထိ အမှုများ ခပ်စိတ်စိတ်ဖြစ်ပွားနေ

0
143

မန္တလေးတွင် ဓားပြတိုက်လုယက်၍လူသတ်မှုဖြစ်ပွားသည်အထိ အမှုများ ခပ်စိတ်စိတ်ဖြစ်ပွားနေ

မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ လက်ရှိမေလအထိ ဓားပြတိုက်လုယက်၍ လူသတ်မှုဖြစ်ပွားသည်အထိ အမှုများခပ်စိတ်စိတ်ဖြစ်ပွားနေသောကြောင့် အများပြည်သူများအနေဖြင့် လုံခြုံရေးအတွက် အထူးဂရုစိုက်ကာ သွားလာနေရကြောင်း ပြည်သူများမှ တညီတညွတ်တည်း ပြောဆိုလျက်ရှိသည်။

“အခုနောက်ပိုင်းမှာ ကျွန်တော်တို့ လက်နက်မဲ့ပြည်သူတွေအတွက် လမ်းပေါ်သွားလာတဲ့အခါမှာ လုံခြုံစိတ်ချစွာ သွားလာနိုင်ဖို့ စိုးရိမ်ရတဲ့အခြေအနေတစ်ခုပါ။ ခေတ်ကာမကောင်းတဲ့အပေါ် အခွင့်ကောင်းယူပြီး လက်နက်ကိုင်ပြီး လူသတ်လုယက်တဲ့ကောင်တွေ တော်တော်များလာတယ်´´ဟု ချမ်းအေးသာစံမြို့နယ်ပြည်သူတစ်ဦးကပြောသည်။

မဟာအောင်မြေမြို့နယ်နေပြည်သူတစ်ဦကလည်း “မန္တလေးမှာ ဆိုင်ကယ်နဲ့လိုက်ပြီးလုတဲ့အဖွဲ့တွေက တော်တော်သောင်းကြမ်းနေတယ်။သူတို့က ဆွဲကြိုး၊ပိုက်ဆံအိတ်နဲ့ဖုန်းတွေကို အဓိကထားလုတတ်ကြတယ်။ ဆိုင်ကယ်နဲ့လုပြီးဆွဲပြေးတာဆိုတော့ အခန့်မသင့်ရင်လုယက်ခံရတဲ့သူတွေရဲ့ အသက်အန္တာရယ်အထိ စိုးရိမ်ရတယ်။တချို့ဖြစ်စဉ်တွေမှာဆို အလုခံရတဲ့လူ အကြီးအကျယ်ထိခိုက်ဒဏ်ရာရတာတွေ သေတာတွေထိ ဖြစ်တယ်´´ဟုပြောသည်။

“မေလ၂၆ရက်ည ၇နာရီလောက်ကသင်္ဂဇာချောင်းကန်ပတ်လမ်းမှာ သမီးရည်းစားနှစ်ယောက် ချိန်းတွေ့
နေကြတုန်းမှာ အကြမ်းဖက်လုယက်သူတွေရောက်လာပြီး ကောင်လေးနဲ့ကောင်မလေးတွေဆီက ဆိုင်ကယ်နဲ့ပိုက်ဆံကို ဓားပြတိုက်လုယက်ပြီး ကောင်လေးကို ဓားနဲ့ထိုးသွားတယ်။ဓားနဲ့ထိုးခံရတဲ့ကောင်လေးကို ဆေးရုံ ပို့ခဲ့ပေမယ့် ဆေးရုံရောက်တော့ အချိန်မမီတော့ဘဲ သေသွားတယ်´´ဟု လူမှုကူညီရေးဆောင်ရွက်ခဲ့သူတစ်ဦးကပြောသည်။

အလားတူ မန္တလေး ၆၉လမ်းနှင့်သိပ္ပံလမ်းထောင့်တွင်လည်း မေလ၂၆ရက်နေ့ညပိုင်းက ဆိုင်ကယ်မောင်းလာသော လူငယ်တစ်ဦးအား အကြမ်းဖက်လုယက်သူသုံးဦးမှ ဓားဖြင့်ထိုးကာ ဆိုင်ကယ်ကိုလုယက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဓားပြတိုက် လူသတ်လုယက်မှုများသည် မန္တလေးမြို့တွင်သာမကဘဲ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း ဖြစ်ပွားလျှက်ရှိကာ မေလ၂၄ ရက်ကလည်း မိတ္ထီလာမြို့အဝင် ကန်နောင်ကျေးရွာအုပ်စု၊ကန်သာအေးရွာဘုန်းကြီးကျောင်းအနီးတွင် သမီးရည်းစားနှစ်ဦးချိန်းတွေ့နေစဉ် အကြမ်းဖက်လုယက်သူများရောက်ရှိလာကာ ၎င်းတို့ထံမှ ဓားဖြင့်ခုတ်၍ အကြမ်းဖက်လုယက်ခဲ့ရာ လုယက်ခံရသူအမျိုးသမီးလက်တစ်ဖက်ပြတ်ခဲ့ရသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

မန္တလေးတွင် ပြီးခဲ့သည့် ဇန်နဝါရီလ၊ဖေဖော်ဝါရီလ၊မတ်လနှင့်ဧပြီလများကလည်း အကြမ်းဖက်လုယက်သူများမှ ဆိုင်ကယ်လုခြင်း၊ဖုန်းလုခြင်းနှင့်ပိုက်ဆံအိတ်လုခြင်းတို့အပြင် လုယက်ခံရသူတို့အပေါ် အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ပြုလုပ်သည်များရှိခဲ့ကြောင်းလည်း ပြည်သူများက တညီတညွတ်တည်း ပြောဆိုခဲ့သည်။

အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း လက်ရှိခေတ်ကာလအခြေအနေကို အခွင့်ကောင်းယူပြီး လက်နက်မဲ့ပြည်သူများအား လက်နက်ကိုင်အကြမ်းဖက် လုယက်မှု၊လူသတ်မှုများဖြစ်ပွားနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ– (၁)မိတ္ထီလာမြို့မှ သမီးရည်းစားနှစ်ဦးအား အကြမ်းဖက်လုယက်ခံရစဉ်၊(၂)မန္တလေးမြို့မှသမီးရည်းစားနှစ်ဦးအား အကြမ်းဖက်လုယက်ခံရစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here