နိုင်ငံ၏အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ကျောင်းသူများအား ဆင်းရဲချမ်းသာအဆင့်အ တန်းမခွဲဘဲ တန်းတူစေတနာထား၍ ပညာတတ်အောင်သင်ကြားပေးစေလို
ရှမ်းပြည်နယ်ရှိ တောင်ကြီးပညာရေးဒီဂရီကောလိပ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူများအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေမှ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဆရာ၊ဆရာမလောင်းလျာ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ အလွန်မွန်မြတ်တဲ့ ဆရာ၊ ဆရာမဘဝကို လျှေက်လှမ်းနိုင်ဖို့အတွက် ပညာရေးဘွဲ့ရအောင်ကြိုးစားကြစေလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေကတိုက်တွန်းပြောကြားသည်။
ထို့ပြင် အခက်အခဲများကြုံတွေ့ပါက စိတ်ဓာတ်မကျဘဲ အနာဂတ်မျိုးဆက်သစ်လူတော်လူကောင်းများအား မွေးထုတ်ပေးနိုင်သည့် မွန်မြတ်သော ဆရာ၊ဆရာမများဖြစ်စေရန် ကြိုးစားကြစေလိုသည်ဟုပြောသည်။
အလားတူ ပညာရေးဒီဂရီကောလိပ်မှဘွဲ့ရပြီး၍ စာသင်ကျောင်းများသို့ရောက်သည့်အခါ၌ နိုင်ငံ ၏အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ကျောင်း သူများအား ဆင်းရဲချမ်းသာအဆင့်အတန်းမခွဲဘဲ တန်းတူစေတနာထား၍ ပညာတတ်များဖြစ်စေရန်သင်ကြားပေးစေလိုသည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။
“စာတတ်အောင်သင်ကြားပေးရုံသာမဟုတ်ဘဲ နိုင်ငံတော်ကအားထားရတဲ့ စည်းကမ်းရှိပြီး ယဉ် ကျေးလိမ်မာတဲ့ နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်ပြည့်ဝ တဲ့သူတွေဖြစ်အောင် ပြုစုပျိုးထောင်သင်ကြားပေးစေလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေကတိုက်တွန်းပြောကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေသည် တောင်ကြီးတက္ကသိုလ်သို့လည်းသွားရောက်ခဲ့ကာ ကျောင်းသား၊ကျောင်းသူများအားတွေ့ဆုံပြီးနောက် စာသင်ဆောင်များ၊လက် တွေ့ခန်းများ၊တက္ကသိုလ်အဆင့်မြှင့်တင်ဆောင်ရွက် နေမှုများနှင့်ဆောင်ရွက်ဆဲလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် တောင်ကြီးတက္ကသိုလ်ရှိ သုတေသနစင်တာ၌ ဓာတုဗေဒ၊ရူပဗေဒ၊သတ္တဗေဒ၊ရုက္ခဗေဒ၊ပထဝီဝင်နှင့်ဘူမိဗေဒဌာနအလိုက် ဖွဲ့စည်းဆောင် ရွက်နေမှုနှင့်မိုးလေဝသ သုတေသနစခန်းဖွဲ့စည်းဆောင်ရွက်မှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။