ဖက်ဒရယ်ပြည်ထောင်စုကိစ္စအကြံပြုချက်ရေးသားပြုစုရေးအဖွဲ့ တွင် အဖွဲ့ဝင်၂ဦးထပ်မံဖြည့်စွက်

0
343

ဖက်ဒရယ်ပြည်ထောင်စုကိစ္စအကြံပြုချက်ရေးသားပြုစုရေးအဖွဲ့ တွင် အဖွဲ့ဝင်၂ဦးထပ်မံဖြည့်စွက်

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများ၏ ဖွဲ့စည်းတည်ဆောက်မှုများအား လေ့လာပြီးအကြံပြုချက်ရေးသားပြုစုရေးအဖွဲ့အား နစကက ဖွဲ့စည်းထားခဲ့ပြီး အဆိုပါ အဖွဲ့တွင် အဖွဲ့ဝင်၂ဦးအား ထပ်မံ ဖြည့်စွက်ဖွဲ့စည်းလိုက်သည်ဟုသိရသည်။

နစက က၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၃၂/၂၀၂၂) ဖြင့် ဖွဲ့စည်းခဲ့သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများ၏ ဖွဲ့စည်းတည်ဆောက်မှုများအား လေ့လာပြီး အကြံပြုချက်ရေးသားပြုစုရေးအဖွဲ့ တွင် အဖွဲ့ဝင် အသစ်ထပ်မံ ဖြည့်စွက်ခဲ့သူများမှာ စစ်ဥပဒေချုပ်ရုံးမှ ယာယီအကြီးတန်းလက်ထောက်စစ်ဥပဒေချုပ် (ဗိုလ်မှူးကြီး) ဒုတိယဗိုလ်မှူးကြီး ဝင်းမြိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်မင်းသိမ်း တို့ဖြစ်သည်ဟု မေလ၃၁ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

အကြံပြုချက်ရေးသား ပြုစုရေးအဖွဲ့ တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ် တင်မောင်ဝင်း၊ဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊ ဗိုလ်မှူး နေဟိန်း တို့ပါဝင်ပြီး ယခုအဖွဲ့ဝင်၂ဦးဖြည့်စွက်လိုက်ခြင်းကြောင့် အဖွဲ့ဝင် ၆ဦးအထိ ရှိသွားသည်ဟုသိရသည်။

အကြံပြုချက်ရေးသားပြုစုရေးအဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ဩစတြေးလျနိုင်ငံနှင့် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေများအား လေ့လာဆန်းစစ်ခြင်း၊ လေ့လာတွေ့ရှိချက်များအနက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများ၏ အာဏာခွဲဝေမှုများ၊ပြည်နယ်များတွင် အခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းမှုစနစ်၊ လွှတ်တော်အဆင့်ဆင့် ဖွဲ့စည်းထားရှိမှုများအားအသေးစိတ်ပြုစုကြရမည်ဟုသိရသည်။

ယင်းအပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ကိုက်ညီနိုင်သည့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား အာဏာခွဲဝေနိုင်မည့် နည်းလမ်းများ၊ လွှတ်တော်အဆင့်ဆင့် ဖွဲ့စည်းနိုင်မည့် အနေအထားများကို (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံနှင့်ချိန်ထိုး၍ အကြံပြုရေးသားပြုစုတင်ပြခြင်းများလည်းဆောင်ရွက်ရမည်ဟုလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here