ပစိဖိတ်သမုဒ္ဒရာကို တစ်ကိုယ်တော်ရွက်လွှင့်သည့် ဂျပန်အဖိုးအို
တိုကျို၊ဇွန် ၄
အသက် ၈၃ နှစ်အရွယ်ရှိဂျပန်အမျိုးသား ရွက်လှေစီးသမားတစ်ဦးသည် ဇွန်လ ၄ ရက် နံနက်အစောပိုင်းတွင် ဂျပန်နိုင်ငံသို့ ရွက်လွှင့်ပြီးပြန်ရောက်ရှိလာခဲ့သည်။၎င်းသည် ပစိဖိတ်သမုဒ္ဒရာအတွင်း ကမ္ဘာ့အသက်အကြီးဆုံး တစ်ကိုယ်တော်ရွက်လွှင့်သည့် ရွက်လှေသမားတစ်ဦးဖြစ်လာခဲ့သည်။
မတ်လတွင် ဆန်ဖရန်စစ္စကိုရှိ ဆိပ်ကမ်းတစ်ခုမှစတင်ခဲ့သော မစ္စတာ Kenichi Horie ၏ တစ်ကိုယ်တော်ရွက်လွှင့်ခရီးကို နှစ်လတာသတ်မှတ်ခဲ့ပြီး ဂျပန်နိုင်ငံအနောက်ဘက်ရှိ Kii ရေလက်ကြားတွင် အဆုံးသတ်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် အသက် ၂၃ နှစ်အရွယ်သာရှိသေးသော မစ္စတာ Kenichi Horie သည် ဂျပန်မှဆန်ဖရန်စစ္စကိုသို့ ပထမဆုံးတစ်ကိုယ်တော်ရွက်လွှင့်ပြီးနောက် ယခုတစ်ကြိမ်သည် အသက်ရှစ်ဆယ်ကျော် ဂျပန်လူမျိုးတစ်ဦး၏ သမုဒ္ဒရာဖြတ်ကျော်တစ်ကိုယ်တော်ရွက်လွှင့်သည့်ခရီးဖြစ်သည်။
Horie ၏ စနေနေ့ ဂျပန်နိုင်ငံသို့အိမ်အပြန်ခရီးသည် ကမ္ဘာပေါ်ရှိ အကြီးဆုံးနှင့် အနက်ရှိုင်းဆုံး သမုဒ္ဒရာကိုတစ်ကိုယ်တော် ဖြတ်ကျော်နိုင်ခဲ့သည့် ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာစေသည်ဟု ပြည်သူ့ဆက်ဆံရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
ရေစီးကြောင်းအနေအထားကြောင့်အချို့ရက်များတွင်ပင်ပန်းခက်ခဲစွာဖြတ်ကျော်ခဲ့ရသဖြင့်အတော်လည်းပင်ပမ်းခဲ့ပါတယ်ဟု Horie ကဆိုသည်။
၎င်း၏ ၁၉၆၂ ပစိဖိတ်ဖြတ်ကျော်မှုတွင်နိုင်ငံကူးလက်မှတ်မပါသောကြောင့် အမေရိကန်သို့ တရားမဝင် မှောင်ခိုဝင်ရောက်သည့်ပုံစံဖြစ်နေခဲ့သောကြောင့် ထိုအချိန်က အဖမ်းခံရမှာ စိုးရိမ်ခဲ့ရတယ်ဟုသူ၏ဘလော့ဂ်တွင် ရေးခဲ့ဖူးသည်။
သို့သော် ယခုတစ်ကြိမ်တွင်ပထမအကြိမ်နှင့်မတူပဲလူပေါင်းများစွာကလိုက်ပို့ကြကာ လမ်းကြောင်းပြဝါယာလက်စနစ်တွေနှင့်ပါ ဝိုင်းဝန်းအားဖြည့်ပေးခဲ့ကြသည့်အတွက်ကျေးဇူးတင်ဝမ်းမြောက်ကြောင်းလည်းရေးသားထားသည်။
သူ၏ ၁၉၆၂ ပစိဖိတ်ဖြတ်ကျော်ခြင်းအပြင် Horie သည် ၁၉၇၄ တွင် ကမ္ဘာတစ်ဝှမ်း တစ်ကိုယ်တော် ရွက်လွှင့်ခဲ့ပြီး ၁၉၇၈ မှ ၁၉၈၂ ခုနှစ်အတွင်း ၎င်း၏ကမ္ဘာတဝှမ်းသို့ ပင်လယ်ရေကြောင်းခရီးများဖြင့် ကျော်ကြားခဲ့သည်။
Source – AFP/ga