မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း တို့တွင် စားနပ်ရိက္ခာအကူအညီများပေးအပ်နိုင်ရေး WFP ကြိုးပမ်းဆောင်ရွက်နေ

0
134

မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း တို့တွင် စားနပ်ရိက္ခာအကူအညီများပေးအပ်နိုင်ရေး WFP ကြိုးပမ်းဆောင်ရွက်နေ

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (WFP) အနေဖြင့် မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် စားနပ်ရိက္ခာအကူအညီများပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း WFP က ပြောဆိုထုတ်ပြန်သည်။

World Food Program သည် ပဋိပက္ခဒဏ်ခံရသည့် ကယားပြည်နယ် (ကရင်နီပြည်နယ်) ရှိ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူများနှင့် အခြား ထိခိုက်လွယ်သူမိသားစုများအတွက် ကယ်ဆယ်ရေး အထောက်အပံ့လုပ်ငန်းတစ်ရပ်ကို ယခင်လပိုင်းက စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ လွိုင်ကော်မြို့တွင်းနှင့် အနီးတစ်ဝိုက်ဒေသများတွင်နေထိုင်နေကြသော နေရပ်စွန့်ခွာခဲ့ရသူ ဦးရေ ၈၀,၀၀၀ ဝန်းကျင်အတွက် အသက်ကယ် စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ အကူအညီများကို WFP ၏ ဝန်ထမ်းအဖွဲ့များက တိုက်ရိုက် ပေးအပ်ဖြန့်‌ဝေနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ခိုလှုံနေကြသော ကယားပြည်နယ်မှ နေရပ်စွန့်ခွာလာရသူများအတွက်လည်း WFP မှ စားနပ်ရိက္ခာနှင့် အာဟာရများအား ထောက်ပံ့ပေးလျက်ရှိကြောင်း WFP က ထုတ်ပြန်ထားသည်။

ရှုပ်ထွေးသော လုံခြုံရေးအခြေအနေကြောင့် အကူအညီပေး‌ခွင့် ကန့်သတ်မှုများရှိသည့်ကြားမှ WFP အနေဖြင့် အကျိုးခံစားခွင့်ရှိသူများ အမြောက်အများထံ ရိက္ခာအထောက်အပံ့များကို ကြိုးစားဖြန့်ဖြူး‌ပေးဝေနေကြောင်းလည်း ၎င်းတို့ကဆိုသည်။ WFP အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်များသို့ လူသားချင်းစာနာမှု အထောက်အပံ့များ သွားရောက်ပေးအပ်ခွင့် မကြာသေးမီက ရရှိထားသည်။

မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဒဏ်ခံရသော ဒေသအားလုံးမှ လိုအပ်ချက်ရှိသူများထံသို့ လူသားချင်းစာနာမှုအထောက်အပံ့ပေးရေး စည်းမျဉ်းများအတိုင်း အထောက်အပံ့များကို လုံခြုံဘေးကင်းစွာ၊ ဘက်လိုက်မှုကင်းစွာ ပေးအပ်နိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။ အထူးဦးစားပေးအဖြစ် မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် အကူအညီများပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း(WFP)က ထုတ်ပြန်ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here