USDP ၏ ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲ ပါတီဗဟိုကော်မတီအစည်းအဝေးပြီးမှသာ ဆုံးဖြတ်ချက်ထွက်လာမည်ဖြစ်ဟု ဒေါက်တာနန္ဒာလှမြင့် ပြော

0
157

USDP ၏ ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲ ပါတီဗဟိုကော်မတီအစည်းအဝေးပြီးမှသာ ဆုံးဖြတ်ချက်ထွက်လာမည်ဖြစ်ဟု ဒေါက်တာနန္ဒာလှမြင့် ပြော

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီ( USDP)၏ ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကို ယခုရက်ပိုင်းအတွင်း ပြုလုပ်သွားရန်ရှိနေပြီး၊ ယင်းအစည်းအဝေးပြီးမှသာ ပါတီထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲအတွက် ဆုံးဖြတ်ချက်ထွက်ပေါ်လာမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

USDP အနေဖြင့် ပါတီညီလာခံကို ငါးနှစ်တစ်ကြိမ်ပြုလုပ်ရန်ရှိသော်လည်း ကိုဗစ် ၁၉ ကပ်ရောဂါအခြေအနေအပါအဝင် လက်ရှိတိုင်းပြည်၏ မတည်မငြိမ်ဖြစ်ပေါ်နေမှုများအတွက် ညီလာခံ မကျင်းပနိုင်တော့ဘဲ ပါတီဗဟိုကော်မတီ အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“ ဒီလဆန်းထဲမှာ ပါတီဗဟိုကော်မတီအစည်းအဝေး ကျင်းပဖို့ စီစဉ်ထားတယ်။ ပါတီထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲကတော့ ဗဟိုကော်မတီအစည်းအဝေးပြီးလို့ ဆုံးဖြတ်ချက်ထွက်လာတော့မှဘဲ ပြောလို့ ရမှာပေါ့နော်။” ဟု ဆိုသည်။

ထို့အပြင် ၎င်းက ယခုပြုလုပ်မည့် ပါတီဗဟိုကော်မတီ အစည်းအဝေးသည် ရွေးကောက်ပွဲရည်ရွယ်၍ပြု လုပ်ခြင်းမျိုးမဟုတ်ဘဲ ပါတီမူဝါဒအရ ပုံမှန်လုပ်ဆောင်ရမည့် အစည်းအဝေးတစ်ခုသာဖြစ်ကြောင်း ဆိုသည်။

“ အမှန်ကတော့ ပုံမှန်လုပ်ရမယ့် အစည်းအဝေးတစ်ခုပါ။ ရွေးကောက်ပွဲရှိလို့ ကျင်းပတာမျိုးမဟုတ်ဘူး။ ဒါက တိုက်ဆိုင်မှုပေါ့နော်။ ကျွန်တော်တို့လုပ်ရမယ့် အချိန်နဲ့ လက်ရှိ အစိုးရက ရွေးကောက်ပွဲပြုလုပ်ပေးမယ်လို့ ကြေညာထားတဲ့ အချိန်နဲ့ သိပ်ပြီးတော့ မကွာဘူးဖြစ်သွားတာပေါ့။ ကျွန်တော်တို့ရဲ့ ပြန်လည် စုဖွဲ့မှုကလည်း နိုင်ငံရေးပါတီတွေရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့၊ အစိုးရဖွဲ့ပြီးရင် တိုင်းပြည်တာ ဝန်တွေကို အကောင်းဆုံးထမ်းဆောင်ပေးနိုင်ဖို့ပေါ့နော်။ ဒါက ပါတီတိုင်းရဲ့ရည်မှန်းချက်ဘဲလေ။” ဟုဆိုသည်။

အဆိုပါ ဗဟိုကော်မတီအစည်းအဝေးအတွင်း လက်ရှိ တိုင်းပြည်၌ ဖြစ်ပေါ်နေသည့် အခြေအနေများကို သုံးသပ်အဖြေရှာခြင်း၊ လက်ရှိ ပြည်သူလူထု ကြုံတွေ့နေရသည့် စီးပွားရေး၊ လူမှုရေးအပါအဝင် အလုပ်အ ကိုင်အခွင့်အလမ်းများ၊ လျှပ်စစ်မီး အခက်အခဲ စသည်တို့ကိုဆွေးနွေး အဖြေရှာသွားရန်ရှိနေသည်ဟုလည်း ဆိုသည်။

ထို့အပြင် ပါတီ သက်တမ်းတစ်လျှောက် အားနည်းချက်များအပေါ် သုံးသပ်ဆွေးနွေးအဖြေရှာခြင်း၊ အားသာချက်များအပေါ် အခြေခံ၍ ပိုမိုတောင့်တင်းခိုင်မာသည့် အဖွဲ့အစည်း ၊ ပြည်သူကို အလုပ်အကျွေးပြုနိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာစေရန် ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေပေါ် သုံးသပ်ပြီး ဆွေးနွေးအဖြေရှာမယ်။ ယနေ့ပြည်သူတွေ စီးပွားရေးအရ လူမှု ရေးအရ ၊အလုပ်ကိုင်အခွင့်အလမ်း၊ လျှပ်စစ်မီး အခက်အခဲ ပေါ့။ ပြည်သူတွေရဲ့ အခက်အခဲကို ကျွန်တော်တို့ နးလည်းတယ်။ အဲ့ဒီအတွက် ဘယ်လို အဖြေရှာကြမလဲ။ ဒီအပေါ်မှာ နိုင်ငံရေးပါတီတွေအနေနဲ့ ကြိုတင်စဉ်းစား ဆွေးနွေးပြီး အဖြေထုတ်ရမှာပေါ့။ ဒါဟာ နိုင်ငံရေးပါတီတိုင်း လုပ်ကို လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်တယ်။” ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here