ကမ္ဘာ့လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု ထက်ဝက်ခန့်မြင့်တက်
ပြီးခဲ့သည့်မေလက လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှုသည် စက်မှုမတိုင်မီခေတ်ထက် ၅၀ ရာခိုင်နှုန်းပိုလာခဲ့ပြီး ထိုပမာဏသည် ကမ္ဘာပေါ်တွင် နှစ်သန်းပေါင်းလေးသန်းခန့်ကအထိ မတွေ့ကြုံရဖူးသော ပမာဏဖြစ်သည်ဟု အမေရိကန်ရာသီဥတု အေဂျင်စီက သောကြာနေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။
လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏသည် ၄၂၀ ppm ကျော်လွန်သွားကြောင်း အမျိုးသားသမုဒ္ဒရာနှင့်လေထုဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ (NOAA) မှပြောကြားခဲ့သည်။ ppm သည်လေထုညစ်ညမ်းမှုကို တိုင်းတာမှုယူနစ်တစ်ခုဖြစ်သည်။(ppm – Parts Per Million)
၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့လေထုထဲ၌ကာဗွန်ဒိုင်အောက်ဆိုဒ် ၄၁၇ ppm ပါဝင်ခဲ့ကာ ပြီးခဲ့သည့်မေလတွင် ၄၁၉ ppm သို့မြင့်တက်လာခဲ့သည်။ကမ္ဘာကြီးပူနွေးလာမှုသည် လူသားတို့ကြောင့်သာဖြစ်ပေါ်လာရခြင်းဖြစ်ကာနေ့စဉ်အသုံးပြုနေကြသော မော်တော်ယာဉ်များ၊ကျောက်မီးသွေးလောင်စာများ၊စက်ရုံများ၊သစ်တောပြုန်းတီးမှုများအပါအဝင် အခြားနောက်ဆက်တွဲပြဿနာများသည်လူသားတို့အပေါ်တွင်များစွာတာဝန်ရှိသည် ဟု NOAA ကဆိုသည်။
ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အပူထိမ်းနိုင်သည့် ဖန်လုံအိမ်ဓါတ်ငွေ့ဖြစ်သဖြင့်ကမ္ဘာကြီးပူနွေးမှုကို ဖြည်းဖြည်းချင်း ဖြစ်လာစေနိုင်သည်။
ကမ္ဘာပူနွေးလာမှုကြောင့် ကြီးမားသောအကျိုးဆက်များကိုဖြစ်ပေါ်စေခဲ့သည်ဟု NOAA ကမှတ်ချက်ပြုခဲ့သည်။အပူချိန်မြင့်တက်ခြင်း၊မီးလောင်ခြင်း၊မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးရေလျှံမှုများသည် ကမ္ဘာကြီးပူနွေးလာမှု၏ နောက်ဆက်တွဲပြဿနာများဖြစ်ကြသည်။
“ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာများပြားမူဟာ တစ်ခါမှ မကြုံဖူးသေးတဲ့ အဆင့်မှာ ရောက်နေပါတယ်၊ဒါကိုလည်း ပြီးခဲ့တဲ့ရာစုနှစ်ဝက်လောက်ကတည်းက သိနှင့်ပြီးသားဖြစ်ပေမယ့် အရေးတယူပြုမူ ဆောင်ရွက်တာမျိုးတွေမလုပ်ခဲ့မိကြပါဘူး။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နိုးနိုးကြားကြားအလေးထားကြဖို့ ဘယ်လိုအသိပေးရပါ့မလဲ”ဟု NOAA ၏ Global Monitoring Laboratory မှ သိပ္ပံပညာရှင် Pieter Tans မှ ပြောကြားခဲ့သည်။
Source – Aljerzeera and News Agencies