ပြည်ပ ကုမ္ပဏီများကို နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေအဖြစ် လဲခိုင်းမှုအား ဖြေလျှော့ရန် ဗဟိုဘဏ်စီစဉ်

0
178

ပြည်ပ ကုမ္ပဏီများကို နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေအဖြစ် လဲခိုင်းမှုအား ဖြေလျှော့ရန် ဗဟိုဘဏ်စီစဉ်

ပြည်တွင်း၌ ဝင်ရောက်လုပ်ကိုင်နေသည့် ပြည်ပကုမ္ပဏီများအနေဖြင့် မိမိတို့လက်ဝယ်တွင်ရှိသော နိုင်ငံခြားငွေကို ကျပ်ငွေအဖြစ် မဖြစ်မနေ လဲလည်ရမည်ဆိုသည့် ညွှန်ကြားချက်ကို ဖြေလျှော့ ပေးလိုက်ကြောင်း ဗဟိုဘဏ်မှ သိရသည်။

ယခုတစ်ပတ်အတွင်း ပြုလုပ်သည့် ဗဟိုဘဏ်၏ တာဝန် ရှိသူများ အစည်းအဝေးက အဆိုပါ ကင်းလွတ်ခွင့်ပေးရန် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ထွက်ပေါ်နေမှုအပေါ် ဆက်သွယ်မေးမြန်းစဉ် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်က ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

” ဟုတ်ပါတယ်။ ကင်းလွတ်ခွင့် ပေးတယ်ဆိုတာက သူ့ရဲ့ အဆင့်လိုက် အဆင့်လိုက်ကို ကျွန်တော်တို့ တရားဝင်စာနဲ့ ပေးနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အဆင့်လိုက် အဆင့်လိုက် ဖြေလျှော့ပေးနေတာတွေ ရှိပါတယ်။ ဘယ်ဟာတွေ ဖြေလျှော့ ပေးတယ်ဆိုတာကတော့ သက် ဆိုင်ရာ ဌာနတွေမှာ သွားမေးကြည့်မှရမယ်။ ကျွန်တော့အနေနဲ့က ဖြစ်စဉ်တွေအများကြီးဆိုတော့ အကုန်လုံးကို ပြောပြဖို့ မလွယ်ဘူး” ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ပြော သည်။

အဆင်ပါ ကင်းလွတ်ခွင့်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အတည်ပြုထားသည့် ပြည်ပတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်သည့် ကုမ္ပဏီများသာ အ ကျုံးဝင်ကြောင်း Nikkei Asia သတင်းက ဖော်ပြထားသော်လည်း အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက် မရရှိခဲ့ပေ။

၂၀၂၁ ခုနှစ် ‌ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်း ဗဟိုဘဏ်မှ ထုတ်ပြန်ညွှန်ကြား ချက်များတွင် ပြည်တွင်း၌ နိုင်ငံခြား ငွေ သုံးစွဲမှုနှင့် ပတ်သက်၍ တင်းကြပ်သည့် ပြင်ဆင်မှုများ၊ ညွှန်ကြားမှုများကို လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် အဆိုပါ အချက်များထဲမှ အချို့ကို ပြန်လည်ဖြေလျှော့ ပေးနေခြင်း ဖြစ်သည်။

ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များတွင် ပြည်တွင်း၌ နေထိုင်သူများအနေဖြင့်လည်း ၎င်းတို့၏ နိုင်ငံခြားငွေဖြင့် ရရှိသည့် ဝင်ငွေများကို မြန်မာကျပ်ငွေသို့ မဖြစ်မနေ လဲလည်ရမည်ဆိုသည့် ညွှန်ကြားချက်လည်း ထွက်ရှိထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဘဏ်များအနေဖြင့် ၎င်းတို့ကိုင်ဆောင်ထားသည့် နိုင်ငံခြားငွေထဲမှ ၅ ရာခိုင် နှုန်းကို မြန်မာကျပ်ငွေအဖြစ် မဖြစ်မနေ လဲလည်ရန် ညွှန်ကြားထားသည်။

AD လိုင်စင်ရဘဏ်များ အနေဖြင့် ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်လာသည့် ကုန်သွယ်မှုမှရငွေ၊ ကုန် သွယ်မှု မဟုတ်သော ရငွေများကို မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲရာတွင် တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၈၅၀ ဖြင့် လဲလှယ်ပေးရမည်ဟုလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here