အာဆီယံက ရုရှား-ယူကရိန်းအရေးနှင့်မြန်မာ့အရေးများဆွေးနွေးခဲ့

0
183

အာဆီယံက ရုရှား-ယူကရိန်းအရေးနှင့်မြန်မာ့အရေးများဆွေးနွေးခဲ့

အင်္ဂါနေ့ကအွန်လိုင်းမှကျင်းပပြုလုပ်ခဲ့သော အာဆီယံအကြီးတန်းအရာရှိများအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများကရှုပ်ထွေးသော ပထဝီနိုင်ငံရေးအခြေအနေများအကြား စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန်နှင့် ကြား​နေ​ရေးကို မြှင့်တင်ရန် လိုအပ်ချက်ကို မီးမောင်းထိုးပြောခဲ့သည်။

ထိုအစည်းအဝေးတွင် “၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး” အတွက် ကြိုတင်ပြင်ဆင်မှုများကိုသုံးသပ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးကို ဇူလိုင်လ (၃၀) ရက်မှ ဩဂုတ်လ (၆) ရက်နေ့အထိကျင်းပရန်ရက်သတ်မှတ်ထားသည်။

အဖွဲ့ဝင်နိုင်ငံများကြားဖွံ့ဖြိုးတိုးတက်မှုကွာဟချက်‌လျော့နည်းစေ​ရေး​ကိစ္စများ၊ ကာကွယ်ဆေးထိုးပြီး​ကြောင်းလက်မှတ် ပတ်စ်ပို့စ် များကို အသိအမှတ်ပြုရေး ကိစ္စများတို့ကိုဆွေးနွေးခဲ့ကြသည်။

နိုင်ငံတကာနှင့်ဒေသဆိုင်ရာ ကိစ္စရပ်များဆွေးနွေးရာ၌ အာဆီယံအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏အခက်အခဲကိုဖြေရှင်းရာတွင် ဘုံသဘောတူညီချက်ငါးရပ်ကိုထိရောက်စွာအကောင်အထည်ဖော်ရင်း အာဆီယံက ဆက်လက်ဝန်းရံ​ပေးသင့်ကြောင်းအလေးထားပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ၏ အခြေနေနှင့်ပတ်သက်၍ပြောကြားရာတွင် ၎င်းတို့အနေဖြင့် စစ်ရေးတင်းမာမှုများနှင့် ပဋိပက္ခများ၏ဆိုးကျိုးနောက်ဆက်တွဲများက ကမ္ဘာနှင့်ဒေသတွင်းဘုံဖွံ့ဖြိုးတိုးတက်မှုများအတွက် ငြိမ်းချမ်းရေး၊လုံခြုံရေးနှင့် တည်ငြိမ်မှုများကိုထိပါးလာသည့်သဖြင့်အလွန်စိုးရိမ်ကြောင်းဆိုခဲ့သည်။

ထို့ပြင်၎င်းတို့အနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများအရ လက်ရှိဖြစ်ပေါ်နေသောအငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် ထောက်ခံကြောင်းလည်း ဖော်ပြခဲ့ကြသည်။

တောင်တရုတ်ပင်လယ်နှင့်စပ်လျဥ်း၍ပြောကြားရာတွင် အာဆီယံအနေဖြင့် မိမိတို့၏ မူဝါဒရပ်တည်ချက်ကိုသာ ထပ်လောင်းအတည်ပြုခဲ့သည်။

တောင်တရုတ်ဒေသရှိအဖွဲ့ဝင်နိုင်ငံများ၏လုပ်ဆောင်မှုကြေငြာချက် နှစ် (၂၀) ပြည့်အခမ်းအနားနှင့် ကုလသမဂ္ဂညီလာခံ၏ ၂၀၂၂ ခုနှစ်ပင်လယ်ပြင်ဥပဒေ နှစ် (၄၀) ပြည့်အခမ်းအနားကိုပါဝင်ဆင်နွဲရန်သဘောတူညီခဲ့ကြသည်။

အာဆီယံအကြီးတန်းအရာရှိများအစည်းအဝေး၏ခေါင်းဆောင်အဖြစ်လက်ရှိတွင်တာဝန်ယူ​နေ​သော ဗီယက်နမ်နိုင်ငံမှသံအမတ်ကြီး Vu Ho က ရှုပ်ထွေးသော နိုင်ငံတကာနှင့်ဒေသတွင်းပြဿနာများဖြစ်သည့် ရုရှား – ယူကရိန်းပဋိပက္ခ၊မြန်မာ့အရေး၊ကိုရီးယားကျွန်းဆွယ်နှင့်တောင်တရုတ်ပင်လယ်ကဲ့သို့သောပြဿနာများ ​ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် စည်းလုံးမှု၊ဟန်ချက်ညီမူတို့ရရှိနိုင်ရန် ဘက်ပေါင်းစုံ ခြုံငုံသုံးသပ်ချဉ်းကပ်ရန်လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့သည်။

အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် (SEANWFZ) ကော်မရှင်၏ စီမံခန့်ခွဲရေးကော်မတီကိုလည်း ထိုနေ့တွင်ပင် ကျင်းပခဲ့သည်။အာဆီယံနိုင်ငံများသည် SEANWFZ စာချုပ်၏ အရေးပါမှုကိုထပ်လောင်းအတည်ပြုခဲ့သည်။

Source – Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here