USDP က ပါတီဝင်နှင့် ဝန်းရံသူမိသားစုအချို့အတွက် ထောက်ပံ့ကြေး ကျပ်သိန်း ၁၀၀ ကျော် ပေးအပ်

0
167

USDP က ပါတီဝင်နှင့် ဝန်းရံသူမိသားစုအချို့အတွက် ထောက်ပံ့ကြေး ကျပ်သိန်း ၁၀၀ ကျော် ပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP)က အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေသော ပါတီဝင်မိသားစုနှင့်ဝန်းရံသူအချို့ကို ထောက်ပံကြေးငွေ ကျပ် ၁၄၃သိန်းကိုပေးအပ်ခဲ့ကြောင်းသိရသည်။

ယင်းပေးအပ်ပွဲကို ယမန်နေ့ ဇွန် ၉ ရက် နံနက် ၉နာရီအချိန်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ သင်တန်းကျောင်းခန်းမ၌ ပေးအပ်ခြင်းဖြစ်ပြီး၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးမှ လှူဒါန်းသည့် ငွေပဒေသာပင် ကျပ်သိန်း ၅၀ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဗဟိုကော်မတီဝင်များက ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထောက်ပံပေးအပ်မှုသည် အကြမ်းဖက်သမားများ၏ရန်မှ တိမ်းရှောင်နေရသော ပါတီဝင်များ ၊ ပါတီဝန်းရံသူများနှင့် မိသားစုဝင်များအား ထောက်ပံကြေးငွေပေးအပ်ခြင်းဖြစ်ကြောင်း ယင်းပါတီက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းထောက်ပံ့ပေးအပ်မှုအတွက် ပါတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားအား နံနက် ၉ နာရီ ၃၀ မိနစ်တွင်ပြီးဆုံးခဲ့သည်။

ထို့နောက် ပါတီ၏ ဒုတိယရက်မြောက် ဆဌမအကြိမ်ဗဟိုကော်မတီအစည်းအဝေးကို နံနက် ၁၀ နာရီအချိန်မှစတင်ကာ နံနက်ပိုင်းအခမ်းအနားအစီအစဉ်(၉)ရပ်၊ မွန်းလွဲပိုင်းအခမ်းအနားအစီအစဉ် (၁၀)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဗဟိုကော်မတီအစည်းအဝေးအား ကြွေးကြော်သံများဟစ်ကြွေး၍ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်းသိရသည်။

ပါတီဗဟိုကော်မတီအစည်းအဝေး ဒုတိယနေ့သို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဖိတ်ကြားထားသော ပါတီဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here