ဒါရိုက်တာ နှင့် မင်းသမီး တို့မင်္ဂလာပွဲ
အိန္ဒိယနိုင်ငံတောင်ပိုင်းမှနာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်သော နိုင်းသာရာ(Nayanthara) နှင့် သူမ၏ချစ်သူနာမည်ကြီးရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သည့် ဗစ်ဂနေ့ရှီဗန်(Vignesh Shivan) တို့၏ ကြီးကျယ်ခမ်းနားသော မင်္ဂလာဆောင် ဓာတ်ပုံများကို မြင်တွေ့လိုက်ရချိန်တွင် ၎င်းတို့၏ပရိသတ်များအားလုံး အံ့ဩဘနန်းဖြစ်ခဲ့ရသည်။
မင်္ဂလာပွဲနေ့တွင် အနီရောင်ဆာရီကို မြကျောက်နှင့်စိန် လက်ဝတ်ရတနာများဖြင့် တွဲဖက်ဝတ်ဆင်ကာ အလှကြီးလှနေသည့် သတို့သမီးကိုသူ့ပရိတ်သတ်များက အကျေနပ်ကြီးကျေနပ်နေကြသည်။ ရိုးရာဖက်ရှင်ကိုပိုဂရုစိုက်သည့်အိန္ဒိယတောင်ပိုင်းသူတို့အကြား ရှင်းရှင်းလေးနှင့် ဘိုဆန်အောင် ဝတ်ဆင်တတ်သည့် နိုင်းသာရာ မှာ ဖက်ရှင်အိုင်ကွန် တယောက်ဖြစ်သည်။
သတို့သားဖြစ်သူ ဗစ်ဂနေ့ရှီဗန် ကလည်း ရွှေအိုရောင်ပိုးသားရိုးရာဝတ်စုံဖြင့် ခါတိုင်းနဲ့မတူ တင့်တယ်နေခဲ့သည်။
၎င်းတို့နှစ်ဦး၏မင်္ဂလာပွဲသို့ အိန္ဒိယနာမည်ကျော် သရုပ်ဆောင်များဖြစ်ကြသည့် မင်းသားရှရွတ်ခန်း၊မင်းသမီး စမန်သာရတ်ပရာဘူ၊မင်းသား ရာဂျီနိကန်၊ အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီးဌာနမှ ဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ မစ္စတာ ချီရန်ဂျီးဗီးနှင့် အခြားထင်ရှားသောနာမည်ကြီးအနုပညာရှင်များတက်ရောက်ချီးမြှင့်ဂုဏ်ပြုခဲ့ကြသည်။
ဇွန်လ ၉ ရက်နေ့မှာ လက်ထပ်ထိမ်းမြားခဲ့ကြသောသူတို့ချစ်သူနှစ်ဦးဟာ ၂၀၁၅ ခုနှစ်ကတည်းကချစ်သူဖြစ်ခဲ့ကြတာဖြစ်ပြီး ချစ်သက်တမ်း ၇ နှစ်အကြာမှာ ယခုကဲ့သို့နှစ်ယောက်တစ်ဘဝတည်ဆောက်လိုက်ကြခြင်းဖြစ်သည်။
အိန္ဒိယမြောက်ပိုင်း ရုပ်ရှင်လောက ကို ဘောလီးဝုဒ် ဟုခေါ်သလို အိန္ဒိယတောင်ပိုင်းတွင်လည်းသီလဂူ၊တမီးလ်၊ ကန်နဒ၊မလယာလမ် ရုပ်ရှင်လောကဟူ၍ရှိကြသည်။နိုင်းသာရာကို မလယာလမ်၊တမီးလ်၊သီလဂူ ကားများတွင်တွေ့ရမည်ဖြစ်သည်။
Source – Filmfare