ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ UPDFလက်နက်ကိုင်အဖွဲ့ကမ်းလှမ်း

ဒါကာ၊ဇွန် ၁၄
ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းရှိ တောင်တန်းဒေသတွင် အခြေစိုက်သည့် United People’s Democratic Front သည် စာမျက်နှာ ၆၆ မျက်နှာပါ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရအား ပေးပို့ထားသည်။
စစ်တကောင်း တောင်တန်းဒေသ (CHT- Chittagong Hill Tracts) အခြေစိုက် ညီညွတ်သော ပြည်သူ့ ဒီမိုကရက်တစ်တပ်ဦး (UPDF) သည် ပြီးခဲ့သော သီတင်းပတ်က ထိုငြိမ်းချမ်းရေး အဆိုပြုချက်ကို ငြိမ်းချမ်းရေးအကျိုးဆောင်မှတဆင့် အစိုးရထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ CHT သည် ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းရှိ လူဦးရေကျဲပါးသော တောင်ကုန်းဒေသဖြစ်ပြီးမျိုးနွယ်စု ၁၃ စု ထက်မနည်း နေထိုင်ကြသည့်နေရာဖြစ်သည်။
၁၉၈၀ ခုနှစ်များတွင် ၎င်း တောင်ပေါ်သားတို့သည် Shanti Bahini ဟုခေါ်သော လက်နက်ကိုင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မြန်မာနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် နယ်နိမိတ်ချင်းထိစပ်နေသည့်နေရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုခဲ့ကြသည်။
၁၉၉၇ ခုနှစ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် အစိုးရသည် CHTတွင်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို Shanti Bahini ၏ နိုင်ငံရေးအုပ်စုဖြစ်သည့် Parbatya Chattagram Janasanghati Samity (PCJSS) နှင့် လက်မှတ်ရေးထိုးခဲ့သည်။
သို့သော်လည်း Shanti Bahini ဖက်မှ လူငယ်ပြောက်ကျား တိုက်ခိုက်ရေးသမားများ အများစုက ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မခံဘဲ တစ်နှစ်အကြာတွင် တောင်ပေါ်သားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုရန် UPDF ကို ဖွဲ့စည်းခဲ့သည်။
ထိုအချိန်မှစ၍ ငြိမ်းချမ်းရေးလိုလားသော PCJSS နှင့် UPDF တို့ကြား စစ်ပွဲများကြောင့် နှစ်ဖက်တပ်များ ရာနှင့်ချီ၍ သေဆုံးခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် လက်နက်ကိုင် တပ်ဖွဲ့များကို ဝန်ကြီးဌာနမှတဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။
Source : Al Jazeera