ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ UPDFလက်နက်ကိုင်အဖွဲ့ကမ်းလှမ်း

0
98
ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ UPDFလက်နက်ကိုင်အဖွဲ့ကမ်းလှမ်း
ဒါကာ၊ဇွန် ၁၄
ဘင်္ဂလား​ဒေ့ရှ်၊ စစ်တကောင်းရှိ တောင်တန်းဒေသတွင် အခြေစိုက်သည့် United People’s Democratic Front သည် စာမျက်နှာ ၆၆ မျက်နှာပါ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ဘင်္ဂလား​ဒေ့ရှ် အစိုးရအား ​ပေးပို့ထားသည်။
စစ်တကောင်း တောင်တန်းဒေသ (CHT- Chittagong Hill Tracts) အခြေစိုက် ညီညွတ်သော ပြည်သူ့ ဒီမိုကရက်တစ်တပ်ဦး (UPDF) သည် ပြီးခဲ့သော သီတင်းပတ်က ထိုငြိမ်းချမ်းရေး အဆိုပြုချက်ကို ငြိမ်းချမ်း​ရေးအကျိုး​ဆောင်မှတဆင့် အစိုးရထံ ​ပေးပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ CHT သည် ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းရှိ လူဦးရေကျဲပါးသော တောင်ကုန်းဒေသဖြစ်ပြီးမျိုးနွယ်စု ၁၃ စု ထက်မနည်း နေထိုင်ကြသည့်​နေရာဖြစ်သည်။
၁၉၈၀ ခုနှစ်များတွင် ၎င်း တောင်ပေါ်သားတို့သည် Shanti Bahini ဟုခေါ်သော လက်နက်ကိုင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မြန်မာနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် နယ်နိမိတ်ချင်းထိစပ်နေသည့်​နေရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုခဲ့ကြသည်။
၁၉၉၇ ခုနှစ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် အစိုးရသည် CHTတွင်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို Shanti Bahini ၏ နိုင်ငံရေးအုပ်စုဖြစ်သည့် Parbatya Chattagram Janasanghati Samity (PCJSS) နှင့် လက်မှတ်ရေးထိုးခဲ့သည်။
သို့သော်လည်း Shanti Bahini ဖက်မှ လူငယ်ပြောက်ကျား တိုက်ခိုက်ရေးသမားများ အများစုက ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မခံဘဲ တစ်နှစ်အကြာတွင် တောင်ပေါ်သားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်​တောင်းဆိုရန် UPDF ကို ဖွဲ့စည်းခဲ့သည်။
ထိုအချိန်မှစ၍ ငြိမ်းချမ်းရေးလိုလားသော PCJSS နှင့် UPDF တို့ကြား စစ်ပွဲများကြောင့် နှစ်ဖက်တပ်များ ရာနှင့်ချီ၍ သေဆုံးခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် လက်နက်ကိုင် တပ်ဖွဲ့များကို ဝန်ကြီးဌာနမှတဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။
Source : Al Jazeera

LEAVE A REPLY

Please enter your comment!
Please enter your name here