ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အမှု ငါးမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

0
204

ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အမှု ငါးမှု လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားသော အဂတိအမှု ၅ မှုအတွက် လာမည့် ဇွန် ၁၇ ရက်နေ့ ရုံးချိန်းတွင် အပြီးသတ်အမိန့် ချမှတ်သွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူအသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ အဂတိအမှု ၅ မှုမှာ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နှင့်ပတ်သက်၍ စွဲဆိုထားသော အဂတိအမှု နှစ်မှုနှင့် ဦးရဲမြင့် နှင့်ပတ်သက်၍ စွဲဆိုထားသော အမှု တစ်မှုတို့ဖြစ်သည်။ ၎င်းတို့မှာ ရာကြီးမှု အမှတ် (၆)၊ (၇)နှင့် (၈) အမှုတို့ ဖြစ်ကြသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် မြင်းခြံမြို့တို့၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဆောက်လုပ်ရန် ဒေါက်တာဇော်မြင့်မောင်က မြေနေရာချထားပေးသည့်အမှုနှင့်ပတ်သတ်၍ စွဲဆိုထားသော ရာကြီးမှု အမှတ် (၉)၊ (၁၀) အမှု နှစ်မှု တို့ဖြစ်သည်။

ယမန်နေ့ ဇွန် ၁၄ ရက်က မန္တလေးတိုင်းဒေသကြီး အိုဘိုအကျဉ်းထောင်အတွင်း ရာကြီးမှု အမှတ် (၆)၊(၇)နှင့် (၈) အမှုတို့အတွက် နှစ်ဘက်ရှေ့နေများအပြီးသတ်အမိန့် လျှောက်လဲချက်ပေးခဲ့ကြကြောင်း သိရသည်။

“ လာမယ့် ဇွန် ၁၇ ရက်(သဘက်ခါ)မှာ အမှု ငါးမှုလုံးအတွက် အမိန့်ချမှာပါ။ မနေ့ကတော့ ဦးမောင်ဝိတ်တို့၊ ဦးရဲမြင့်တို့နဲက ပတ်သက်ပြီး စွဲထားတဲ့ ရာကြီးမှု အမှတ် ၆၊ ရ၊၈ တို့ အတွက် အပြီးသတ်လျှောက်လဲချက်တင်လိုက်ပါပြီ။ အမိန့်ချဖို့ဘဲရှိတော့တာပေါ့။” ဟုဆိုသည်။

ဒေါက်တာဇော်မြင့်မောင်အနေဖြင့် အမှု ၉ မှုဖြင့် တရားစွဲဆိုထားရခြင်းဖြစ်ပြီး၊ ယင်း အနက် သဘာဝဘေးပုဒ်မဖြင့် ထောင်ဒဏ် နှစ်နှစ်၊ ရာဇသတ်ကြီး ၅၀၅(ခ)ဖြင့် ထောင်ဒဏ် နှစ်နှစ် ၊ ရွေးကောက်ပွဲမလျှော်သြဇာသုံးသည်ဟုဆိုကာ စွဲဆိုထားသော ပုဒ်မ ၁၇၁(စ)ဖြင့် ထောင်ဒဏ် တစ်နှစ် စုစုပေါင်းထောင်ဒဏ် ငါးနှစ်ချမှတ်ခံထားရပြီးဖြစ်သည်။

ယနေ့တွင် ဒေါက်တာဇော်မြင့်မောင်အား အောင်မြေသာစံမြို့နယ်တရားရုံးတွင် စွဲဆိုထားသော ရွေးကောက်ပွဲမလျှောသြဇာသုံးမှု ပုဒ်မ ၁၃၀ (က) အမှုအတွက် ရုံးထုတ်စစ်ဆေးရန်ရှိနေသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here