သီရိလင်္ကာနိုင်ငံတွင် အစိုးရဝန်ထမ်းများအားစိုက်ပျိုးရေးကိုတွနိးအားပေးနိုင်ရန် ပိတ်ရက်တိုးပေး
ကိုလမ်ဘို၊ဇွန် ၁၄
ဆယ်စုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံးစီးပွားရေးအကျပ်အတည်းကြုံနေရသည့် သီရိလင်္ကာနိုင်ငံတွင် အစိုးရဝန်ထမ်းများအား တစ်ပတ်လျှင်လေးရက်သာအလုပ်ဆင်းကာ ကျန်ရက်များတွင်စားရေရိက္ခာအတွက် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ရန် နားရက်အဖြစ်သတ်မှတ်အတည်ပြုလိုက်ပြီဖြစ်ကြောင်း အင်္ဂါနေ့တွင်အစိုးရကဆိုသည်။
အစိုးရဌာနအသီးသီးအတွက် လူတစ်သန်းခန့်ကို အလုပ်ခန့်အပ်ထားသော ကျွန်းနိုင်ငံငယ်လေးသည် နိုင်ငံခြားငွေပြတ်လပ်မှုအပြင်းအထန်ဖြစ်ပေါ်နေကာ အရေးကြီးသောသွင်းကုန်များဖြစ်သည့် လောင်စာ၊အစားအသောက်နှင့်ဆေးဝါးများအတွက် ပေးချေစရာငွေမရှိဖြစ်နေသည်။
နိုင်ငံရှိလူဦးရေအများစုဖြစ်သော လူပေါင်း ၂၂ သန်းခန့်သည် အချိန်အတော်ကြာဓာတ်အားပြတ်တောက်မှုများနှင့်ကြုံတွေ့နေရပြီး နေ့တိုင်းလိုလို ဓာတ်ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းနေကြရသည်။
ထို့ကြောင့် တနင်္လာနေ့တွင် သီရိလင်္ကာအစိုးရအဖွဲ့က ဆီပြတ်တောက်မှုကြောင့်သွားလာရေးခက်ခဲနေသည့် ဝန်ထမ်းများအဆင်ပြေစေရန်နှင့် စားနပ်ရိက္ခာအတွက်ကိုယ်တိုင်စိုက်ပျိုးနိုင်ရန် တစ်ပတ်လေးရက်အလုပ်ဆင်းစေသည့်စနစ်ကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုစနစ်ကိုနောက်သုံးလလောက်အထိကျင့်သုံးသွားမည်ဖြစ်သည်။
“အခုလိုအစိုးရဝန်ထမ်းတွေကို ခွင့်တစ်ရက်တိုးပေးပြီး ကိုယ့်မိသားစုအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်စေတာက ဖြစ်ပေါ်နေတဲ့ စားနပ်ရိက္ခာပြတ်လပ်မှုအတွက် သင့်လျော်တဲ့ဖြေရှင်းချက်ဖြစ်မယ်လို့မျှော်လင့်ရပါတယ်” ဟု အစိုးရရုံး၏ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကမ္ဘာ့ကုလသမဂ္ဂကလည်း ပြီးခဲ့တဲ့အပတ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို သတိပေးခဲ့ပြီး ထိခိုက်လွယ်သူ တစ်သန်းကျော်ကို ကူညီဖို့ အမေရိကန် ဒေါ်လာ ၄၇ သန်း ထောက်ပံ့ပေးရန် စီစဉ်ထားသည်။
အစိုးရသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ငွေကြေးအထောက်အကူအစီအစဉ်အတွက် ဆွေးနွေးနေပြီး ဇွန် ၂၀ ရက်၌ IMF ၏ကိုယ်စားလှယ်အဖွဲ့ သီရိလင်္ကာသို့လာရောက်ရန်မျှော်မှန်းထားသည်။
ပြီးခဲ့သည့်တနင်္လာနေ့က သီရိလင်္ကာဝန်ကြီးချုပ် မစ္စတာ Ranil Wickremesinghe နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Antony Blinken တို့ ဖုန်းဖြင့်ဆွေးနွေးကြရာတွင် အမေရိကန်အနေဖြင့်လည်း သီရိလင်္ကာကိုကူညီရန်အဆင်သင့်ရှိနေကြောင်း ဘလင်ကန် ကဆိုခဲ့သည်။
သီရိလင်္ကာဝန်ကြီးချုပ် မစ္စတာ Wickremesinghe ကမူ ယခုလမှစ၍တစ်နှစ်လုံးစာအတွက် မရှိမဖြစ်လိုအပ်သော သွင်းကုန်များပြည့်မီရန် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ ဘီလီယံလိုအပ်ကြောင်းပြောကြားခဲ့သည်။
Source – Reuters/nh