၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရသူများအား အထူးကိစ္စရပ်အနေဖြင့် အိမ်စီးကားဝယ်ယူခွင့်ပြုမည်

0
97
၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရသူများအား အထူးကိစ္စရပ်အနေဖြင့် အိမ်စီးကားဝယ်ယူခွင့်ပြုမည်
ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ(ဆီးဂိမ်း)၌ ဝင်ရောက်ယှဥ်ပြိုင်ကာ ရွှေတံဆိပ်ဆုများရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများအား အထူးကိစ္စရပ်အနေဖြင့် အိမ်စီးကားဝယ်ယူခွင့်ပြုသွားမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ ရွှေတံဆိပ်ဆုရအားကစားသမားများအား အထူးကိစ္စရပ်အနေဖြင့် အိမ်စီးကားဝယ်ယူခွင့်ပြုခဲ့ခြင်းမှာ မြန်မာနိုင်ငံကိုယ်စားပြု၍ အောင်မြင်ခဲ့ကြသဖြင့် နိုင်ငံတော်မှအားပေးဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် ဝယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရွှေတံဆိပ်ဆုရသည့် အားကစားသမားများသည် ပြည်တွင်းရှိကား Showroom နှင့် Sale Center များမှ အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့်အောက်၊ CIF တန်ဖိုး(ဆိပ်ကမ်းရောက်တန်ဖိုး) ကျပ်သိန်း ၃၀၀ နှင့်အောက် ကားတစ်စီးစီအား ဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။
အဆိုပါ ကားများနှင့်ပတ်သက်သည့် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ကြောင့် ကားဝယ်ယူမည့် ရွှေတံဆိပ်ဆုရအား ကစားသမားများအနေဖြင့် အသေးစိတ်သိရှိလိုသည်များအား ညွှန်ကြားရေးမှူး(ယာဉ်မှတ်ပုံ တင်)ဖုန်း ၀၆၇-၃၄၀၅၁၄၂၊ ဒုတိယညွှန်ကြားရေးမှူး(ယာဉ်မှတ်ပုံတင်) ဖုန်း ၀၆၇-၃၄၀၅၀၃၈ တို့သို့ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၌ မြန်မာ့လက်ရွေးစင်အားကစားသမားများသည် ရွှေတံဆိပ် ၉ ခုဆွတ်ခူးရရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here