ကမ္ဘာ့အကြီးဆုံးရေချိုငါးလိပ်​ကျောက် ကမ္ဘောဒီးယားတွင်ဖမ်းမိ

0
237

ကမ္ဘာ့အကြီးဆုံးရေချိုငါးလိပ်​ကျောက် ကမ္ဘောဒီးယားတွင်ဖမ်းမိ

ဘန်ကောက်၊ဇွန် ၂၁

ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်း ကမ္ဘာ့အကြီးဆုံးစံချိန်တင် ရေချိုငါးလိပ်​ကျောက်တစ်ကောင်ကို မဲခေါင်မြစ်အတွင်းမှ ဖမ်းမိခဲ့ကြောင်း အရှေ့တောင်အာရှနိုင်ငံနှင့်အမေရိကန်ပြည်ထောင်စုသိပ္ပံပညာရှင်များက​ပြောသည်။

ဇွန် ၁၃ ရက်က ဖမ်းမိခဲ့သောအဆိုပါငါးသည် နှာခေါင်းမှအမြီးအထိ ၄ မီတာနီးပါးရှိပြီး အလေးချိန် ၃၀၀ ကီလိုဂရမ်အောက် အနည်းငယ်သာလျော့ကြောင်း Wonders of the Mekong ကမ္ဘောဒီးယား-အမေရိကန်သုတေသနပရောဂျက်ကထုတ်ပြန်ထားသည်။

ထိုငါးကိုကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Stung Treng တောင်ဘက်ရှိ ဒေသခံငါးဖမ်းသမားတစ်ဦးမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

မဲခေါင်မြစ်သည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ဖြတ်သန်းစီးဆင်းပြီး ရေချိုငါးမျိုးစိတ်များစွာ၏ နေထိုင်ရာနေရာဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများမြင့်တက်လာနေသည်။

“တစ်ကမ္ဘာလုံးက ငါးကြီးမျိုးစိတ်တွေက မျိုးသုဉ်းလုနီးပါးဖြစ်နေပြီးတန်ဖိုးကြီးတဲ့မျိုးစိတ်တွေပါ။သူတို့ဟာကြီးထွားဖို့ အချိန်အတော်ကြာပါတယ်၊ဒါ‌ကြောင့်ဒီငါး တွေကိုသက်တမ်းမ‌‌စေ့ခင်ဖမ်းမယ်ဆိုရင် မျိုးပွားဖို့အခွင့်အလမ်းမရှိပါဘူး” ဟု သု​တေသနအဖွဲ့​ခေါင်း​ဆောင် Hogan က ဆိုသည်။

“ဒီလိုငါးကြီးမျိုးတွေက ရွှေ့ပြောင်းနေထိုင်ဖို့ ဧရိယာကျယ်ကျယ်ပြန့်ပြန့် လိုအပ်တဲ့အတွက် ဆည်တွေဆောက်လိုက်လို့နေရာကျဉ်းပြီး မကျက်စားနိုင်တော့တာ‌တွေ၊ငါးအလွန်အကျွံဖမ်းတာတွေကြောင့် ထိခိုက်လာတာသိသာထင်ရှားပါတယ်။ကမ္ဘာတစ်ဝှမ်းကရေချိုငါးကြီးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာမျိုးသုဉ်းနိုင်တဲ့အန္တရာယ်နဲ့ခြိမ်းခြောက်ခံနေရပါတယ်။ဒီလိုငါးကြီး​တွေ့ရတာ မဲ​ခေါင်မြစ်အတွက် ​မျှော်လင့်ချက်တခုပါ” ဟုလည်း၎င်းကဆက်လက်ပြောကြားခဲ့သည်။

သုတေသနအဖွဲ့သည် ထိုငါးကိုမလွှတ်လိုက်မီ ငါး၏အမြီးအနီးတွင် ခြေရာခံကိရိယာကိုထည့်သွင်းခဲ့ကာ အဆိုပါကိရိယာသည် လာမည့်နှစ်အတွက် ငါးများ၏အချက်အလက်ကို ခြေရာခံကာပေးပို့မည်ဖြစ်သည်။ထိုအချက်အလက်များမှတစ်ဆင့် ကမ္ဘောဒီးယားရှိ ဧရာမငါးကြီးများ၏ ပြုမူနေထိုင်မှုများကို လေ့လာရမည်ဖြစ်သည်။

သုတေသီများက ယခုဖမ်းမိသောငါးသည် လွန်ခဲ့သောနှစ်လအတွင်းမိခဲ့သည်များအနက် စတုတ္ထမြောက်အကြီးဆုံးဖြစ်ပြီး ၎င်းတို့အားလုံးမှာ အမများဖြစ်ကြောင်း သုတေသီများကပြောသည်။ဤအခြင်းအရာကိုကြည့်ခြင်းဖြင့် ယခုနေရာတစ်ဝိုက်သည်မျိုးစိတ်များအတွက် သားပေါက်သည့်နေရာတစ်ခု ဖြစ်နိုင်သည်ဟုထင်‌ကြောင်းဆိုသည်။

အဆိုပါငါးကိုဖမ်းနိုင်ခဲ့သည့် ငါးဖမ်းသမားကိုလည်း ငါးကိုပြန်ဝယ်သည့်အနေဖြင့် ဒေါ်လာ ၆၀၀ ဆုချခဲ့ကြောင်းသိရှိရသည်။

Source – AP/ec


LEAVE A REPLY

Please enter your comment!
Please enter your name here