တောင်အာဖရိကတွင်ကိုဗစ်ကန့်သတ်ချက်များဖြေလျှော့

0
161

တောင်အာဖရိကတွင်ကိုဗစ်ကန့်သတ်ချက်များဖြေလျှော့

တောင်အာဖရိက၌ အများပြည်သူနှင့်ဆိုင်သည့်နေရာများတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရမည်ဟူသော စည်းကမ်းချက်၊အများဆုံးစုဝေးနိုင်သည့် လူဦး‌ရေပမာဏကန့်သတ်ချက် နှင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းမပြုမီ ပြသရန်လိုအပ်သည့်စာရွက်စာတမ်းကန့်သတ်ချက်များအားလုံးကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ဇွန် ၂၃ရက် ကြာသပတေးနေ့တွင်ပြောသည်။

တောင်အာဖရိကနိုင်ငံသည် အာဖရိကတိုက်၌ ကိုဗစ်ကပ်ရောဂါကူးစက်မှုပေါင်း ၃ ဒသမ ၉ သန်းနှင့်သေဆုံးမှုပေါင်း ၁၀၁,၀၀၀ ဖြင့်ကူးစက်မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။

သို့သော် တာဝန်ရှိသူများသည် ယခုနောက်ပိုင်းတွင် ရောဂါဖြစ်ပွားမှုများ၊ ဆေးရုံတက်ကုသခြင်းနှင့် သေဆုံးမှုသတင်းများ ကျဆင်းလာ‌သောကြောင့် ပဉ္စမလှိုင်းပျောက်ကွယ်သွားပြီဟု ကောက်ချက်ချခဲ့ကြောင်းကျန်းမာရေးဝန်ကြီး Joe Phaahla က ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။

“ကိုဗစ်က အရှင်းပပျောက်သွားတာမျိုး‌တော့မဟုတ်ပါဘူး၊ ကာကွယ်ဆေးထိုးထားလို့သာ ကျွန်တော်တို့အရင်ကထက်ပို ခံနိုင်ရည်ရှိနေတာပါ” ဟု ၎င်းကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး boosters နှင့် ကာကွယ်ဆေးမထိုးရသေးသူများကိုလည်း ထိုးနှံကြဖို့တိုက်တွန်းခဲ့သည်။

တောင်အာဖရိက၏ ကာကွယ်ဆေးထိုးနှံခြင်းလှုပ်ရှားမှုသည် အစပိုင်းတွင် ထောက်ပံ့မှုအကန့်အသတ်များအပါအဝင် အခြားပြသနာများ​ကြောင့် မကြာသေးမီကမှအဆင်ပြေခဲ့သည်။

ယခုလက်ရှိတွင် နိုင်ငံရှိအရွယ်ရောက်ပြီးသူ သန်း ၄၀ ၏ ထက်ဝက်ခန့်သည် အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံထားပြီး ၄၆ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအပြည့်ထိုးနှံပြီးဖြစ်သည်။

ခရီးသွားလုပ်ငန်းဝန်ကြီး Lindiwe Sisulu က ခရီးသွားများအတွက် ကာကွယ်ဆေးထိုးနှံထား‌ကြောင်းလက်မှတ် (သို့) ကိုဗစ်ကင်းစင်ကြောင်း စမ်းသပ်မှုရလဒ်ပြရန် ဖယ်ရှားလိုက်ခြင်းကလည်း တောင်အာဖရိကကို ပိုမိုအ‌ထောက်အကူဖြစ်နိုင်စေပြီး ခရီးသွားဝန်‌ဆောင်မှုလုပ်ငန်းကိုပါအကူအညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here