လွိုင်ကော်မြို့နယ်တွင် ကျောင်းဆရာ ၊ ဆရာမ (၆) ဦး ဖမ်းဆီးခေါ်ဆောင်ခံရကာ အဆက်အသွယ် ပြတ်နေ

0
278

လွိုင်ကော်မြို့နယ်တွင် ကျောင်းဆရာ ၊ ဆရာမ (၆) ဦး ဖမ်းဆီးခေါ်ဆောင်ခံရကာ အဆက်အသွယ် ပြတ်နေ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ လွိုင်လင်လေးမြို့၊ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းမှ ဆရာ ဆရာမ (၆) ဦးကို လက်နက်ကိုင်ဆောင်ထားသူများ၏ ခေါ်ဆောင်သွားခြင်းခံရကာ အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။

ဇွန်လ (၂၄) ရက် နေ့လယ်ပိုင်းက အဆိုပါ ဆရာဆရာမများကို လက်နက်ကိုင်ဆောင်ထားသူ တစ်စုက ကျောင်းဝင်းထဲအထိ ဝင်ရောက်ဖမ်းဆီးကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်း မြစ်များထံမှ သိရသည်။

” ဘယ်အဖွဲ့က လုပ်မှန်း သေသေချာချာ မပြောနိုင်ဘူးဗျ။ ဒီဘက်မှာက အဖွဲ့တွေရှုပ်နေတော့လေ။ဘာမှမသိဘူး။ ဘာမှရေရေရာရာ မပြောနိုင်ဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ပျောက်ဆုံးနေသည့် ဆရာ ဆရာမ (၆) ဦးကို ဇွန်လ (၂၄) ရက် နေ့လယ် (၁၂) နာရီဝန်းကျင်တွင် ‌လက်နက်ကိုင်ဆောင်ထားသူ (၁၀) ဦးကျော်မှ ကျောင်းဝင်းအတွင်း ဝင်ရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင် ပညာသင်ကြားမှုများ ပြန် လည် ပြုလုပ်နေခြင်းအပေါ် မကျေနပ်သည့် အဖွဲ့များမှ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

” CDM မလုပ်လို့ လုပ်တာလည်း ဖြစ်နိုင်တာပဲ “ဟု အဆိုပါ ဒေသခံက ပြောသည်။

ပျောက်ဆုံးနေသည့် ဆရာ ဆရာမများမှာ အထက် တန်းပြ ဆရာမဒေါ်နန်း၊ အလယ်တန်းပြ ဆရာမ ဒေါ်စုလေးငယ်၊ ဆရာမ ဒေါ်ခင်သန်း၊ ဒေါ်မြထွေး ၊ မူ လတန်းပြ ဆရာ ဦးကောင်းဇေယျာငြိမ်း၊ ဦးအောင်ဇော်ထွေးတို့ ဖြစ်ပြီး လက်ရှိအချိန်ထိ အဆက် အသွယ် ပြတ်တောက်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လွိုင်ကော်မြို့နယ် ပညာရေးမှူးရုံးထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့သည့်အတွက် အသေးစိတ် သတင်း အချက်အလက်များအား အချိန်နှင့်တပြေးညီ ဆက်လက်စုံစမ်း တင်ပြပေးသွားပါမည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here