တပ်မတော်နှင့် AA အကြား ကြားဝင်ညှိနှိုင်းနိုင်မည့် ကြားခံအဖွဲ့ ဖွဲ့စည်းသင့်ကြောင်း ဒေါက်တာအေးမောင်ပြော

0
153

တပ်မတော်နှင့် AA အကြား ကြားဝင်ညှိနှိုင်းနိုင်မည့် ကြားခံအဖွဲ့ ဖွဲ့စည်းသင့်ကြောင်း ဒေါက်တာအေးမောင်ပြော

ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေသည့် တပ်မတော်နှင့် AA အကြား ကြားဝင်ညှိနှိုင်းနိုင်မည့် ကြားခံအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသင့်ကြောင်း ရခိုင့်ဦး ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြော သည်။

လက်ရှိ စစ်ရေးတင်းမာနေမှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းနှင့် ပတ်သက်၍ မေးမြန်းစဉ် ‌၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ပြေလည်အောင်ဖြေရှင်းဖို့ လိုတယ်။ လက်ရှိ သို့မဟုတ် အရင်တုန်းက ဖြေရှင်းခဲ့တဲ့ ကြားခံတွေနဲ့ မဖြစ်တော့ဘူးဆိုရင် နောက်ကြားခံတွေနဲ့ပေါ့ဗျာ။ နှစ်ဖက်ကို ဖျောင်းဖြနိုင်မယ့် အင်အားစု အသစ်ကို ဖန်တီးပေးရမှာပေါ့။ ချဉ်းကပ်မှု အသစ်နဲ့ ‌ယုံကြည်မှု ရလာအောင်ပေါ့။ အခုလိုကျတော့ ယုံကြည်မှုက ပျက်ပျက်သွားတာကိုး။ သူဖမ်းကိုယ်ဖမ်း သူဖမ်းကိုယ်ဖမ်းဆိုရင် ယုံကြည်မှု ပျက်ပြီပေါ့ဗျာ” ဟု ဒေါက်တာအေးမောင်က ပြောသည်။

လက်ရှိ ယုံကြည်မှု ပျက်ပြားနေခြင်းကို ရပ်တန့်နိုင်ရန်အတွက် နှစ်ဖက်အပြန်အလှန် ဖမ်းဆီးနေခြင်းများကို ရပ်တန့်ကာ ယခင်ဖမ်းဆီးထားသည့် နှစ်ဖက်အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များကို ပြန်လွှတ်ပေးသင့်ကြောင်းလည်း ၎င်းကဆိုသည်။

ယခုရက်ပိုင်းတွင် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် အရာရှိများအပါအဝင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်နှင့် ဆက်စပ်ပတ်သက်နေသူအချို့ကို ရခိုင့်တပ်တော် AA က ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်း ရှိသည်။

ထို့သို့ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည့်နောက်တွင် တပ်မတော်ဖက်မှလည်း ရခိုင်ပြည်နယ်အတွင်း ULA/AA နှင့် ဆက်စပ်သည်ဟု သံသယ ရှိသည့် လူငယ်လူရွယ်များကို ဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်းကြောင့် စစ်တွေအပါအဝင် ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

အဆိုပါ စစ်ရေးတင်းမာမှုများကို ဖြေရှင်းနိုင်မည့် ကြားခံအဖွဲ့ ဖွဲ့စည်းရာတွင်လည်း နှစ်ဖက်အဖွဲ့အ စည်းများအကြား ယုံကြည်မှု တည်ဆောက်ပေးနိုင်မည့် ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်များ ပါဝင်ရန် လိုအပ်ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။

” တတ်သိပညာရှင် ပါရင်ပါမယ်။ နိုင်ငံရေးသမားတွေပါရင်ပါမယ်။ လက်နက်ကိုင်အဖွဲ့က အဟောင်းတွေပါရင်ပါမယ်။ တပ်မတော်အငြိမ်းစားတွေ ပါရင်ပါမယ်။ ပြည်ထောင်စုနဲ့ ပတ်သက်လို့ စေတနာသန့် သန့်နဲ့ ကူညီချင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြားခံအဖွဲ့အစည်း တစ်ခု လိုပါတယ်” ဟု ၎င်း ကပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင်မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ရမ်းဗြဲ၊ မင်းပြားဖက်မှ စစ်သားတစ်ချို့နှင့် ရဲတပ်ဖွဲ့ဝင်တစ်ချို့ကို AA က ဖမ်းဆီးထားခြင်းရှိသလို အဆိုပါဒေသများရှိ လူငယ် လူရွယ် အများအပြားကိုလည်း ULA/AA နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟူသည့် သံသယဖြင့် တပ်မတော်က ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံ သတင်း ရင်းမြစ်များထံက သိရသည်။

Photo Credit – DMG


LEAVE A REPLY

Please enter your comment!
Please enter your name here