စီးပွားရေးလုပ်တဲ့အခါမှာ ကိုယ်တိုင်စီမံခန့်ခွဲနိုင်အောင် MBA တက်မယ့် နန်းဆုရတီစိုး

0
109

nan-su

အနုပညာအလုပ်တွေ လုပ်ကိုင်နေရင်းနဲ့ပဲ နန်းဆုရတီစိုးက လတ်တလောမှာ ICM Business Management & Administration ဘာသာရပ်ကို လေ့လာသင်ကြားနေကာ ဒီနှစ်အကုန်မှာ စာမေးပွဲဖြေဆိုရမှာဖြစ်ပြီး ပြီးရင် MBA ကိုလည်း ဆက်လက်သင်ကြားသွားမှာဖြစ်ကြောင်း သိရပါတယ်။ စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်သွားဖို့ရှိတာကြောင့် အခုလို စီးပွားရေးနဲ့ ပတ်သက်တာတွေကို လေ့လာ သင်ကြားနေခြင်းဖြစ်ကြောင်းကို နန်းဆုရတီစိုးက..

” ပညာကတော့ လေ့လာလို့ မကုန်ဘူး။ အခုလို Learning ခေတ်ကြီးမှာ အမြဲတမ်း Learning လုပ်နေတာ ငယ်ငယ်ကတည်းက အခုအချိန်အထိပညာကို အမြဲတမ်း လေ့လာဖြစ်တယ်။ တစ်ခါမှ မပြတ်တောက်ဖူးဘူး။ လေ့လာစရာရှိတဲ့ ပညာရပ်တွေကို ဆက်ပြီးလေ့လာ ဖြစ်နေတာပါ။ ဒါပေမဲ့ အခုလေ့လာတာက Business နဲ့ဆိုင်တာတွေ ပိုများတယ်။ အသက် အရွယ်အတွက်ရော၊ ဘဝအတွက် ရင်းနှီး မြှုပ်နှံနေတာပေါ့။ နောက်ပိုင်းမှာ လုပ် ဖြစ်မယ့် စီးပွားရေးကျရင် ကိုယ်တိုင် စီမံခန့်ခွဲနိုင်အောင် ကိုယ်တိုင်ကိုင် တွယ် ဦးဆောင်နိုင်အောင် ကြိုး စားလေ့လာနေတာပါ” လို့ ပြောပါတယ်။ နန်းဆုရတီစိုးက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်ဖို့ လည်း အစီအစဉ်ရှိပြီး ဒီအကြောင်းကိုတော့ လုပ်ငန်း စတင်အကောင်အထည်ဖော်တဲ့အခါကျမှပဲ ပရိသတ်တွေကို အသိပေးသွား မှာဖြစ်ကြောင်း ပြောပါ တယ်။ အခုအချိန်မှာတော့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ကြိုတင် ပြင်ဆင်ထားမှုများနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုး က..

” စီးပွားရေးလုပ်ငန်းလုပ်ကိုင် တော့မယ်ဆိုတော့ ကိုယ်ဝင်မယ့် ဈေးကွက်ကို ကြိုတင်ပြီး လေ့လာရတာ၊ သုံးသပ်ရတာတွေရှိတယ်။ ကွာလတီပိုင်းတွေကိုလည်း လေ့လာရတာ၊ ပြင်ဆင်ရတာတွေရှိတယ်။ တခြားဈေးကွက်တွေလည်း လေ့ လာရတယ်။ ကိုယ်လုပ်ကိုင်မယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီးလည်း ကျွမ်းကျင်ဖို့လိုတယ်။ အဲဒီအတွက်လည်း ထပ်ပြီးကိုယ့်ဘာသာကိုယ် Upgrade လုပ်ရမှာလည်း ရှိတယ်။ ကိုယ်လုပ်မယ့် လုပ်ငန်းနဲ့ ပတ်သက်ပြီး လေ့လာသင်ယူထားဖို့ လိုအပ်တယ်။ စာတွေ့အပြင် လက်တွေ့အပိုင်းပါ လေ့လာ ဖို့ အများကြီးလိုအပ်ပါတယ်။ အခု လောလောဆယ်မှာတော့ အဲဒါတွေ အရင် လေ့လာနေတုန်းပါပဲ” လို့ ပြောပါတယ်။ နန်းဆုရတီစိုးက ဒီဇင်ဘာလမှာ Sky Net ရုပ်သံလိုင်းအတွက် ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးမယ့် “တစ္ဆေပျောက် ကြော်ငြာ” ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ရှိပြီး ဒီဇာတ်လမ်းက ပရိသတ်တွေ စိတ်ဝင်စားနိုင်မယ့် ထိတ်လန့် ကြောက်ရွံ့စရာ ဇာတ်လမ်းမျိုးဖြစ်ကြောင်း ပြောပါတယ်။

” ဇာတ်လမ်းက မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ တစ္ဆေတွေကို လိုက်ဖမ်းရမယ့် ပုံစံမျိုးပါ။ မင်းသားက ကိုကျော်ကျော်ဗို။ တခြားဧည့်သည်သရုပ်ဆောင် မင်းသားတွေလည်းပါမယ်။ နန်းဆုတို့က တစ္ဆေဖမ်းတဲ့သူတွေပေါ့။ ထိတ်လန့်ကြောက်ရွံ့စရာဇာတ်လမ်းဆိုတော့ စိတ်ဝင်စားစရာကောင်းမယ်ထင်လို့ နန်းဆုလည်း လက်ခံလိုက်တာပါ။ နန်းဆုလည်း သည်းထိတ်ရင်ဖိုနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတွေလည်း ကြိုက်တယ်။ သရဲဇာတ်ကားတွေလည်း မလွတ်တမ်းကြည့်ဖြစ်တယ်။ ပရိသတ်တွေလည်း စိတ်ဝင်စားမယ်လို့ထင်ပါတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here