လက်ပံတောင်းတောင် ဧရိယာအတွင်း အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များ ရှောင်ကျဉ်ကြရန် ဝမ်ပေါင် ကုမ္ပဏီတိုက်တွန်း

0
192

လက်ပံတောင်းတောင် ဧရိယာအတွင်း အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များ ရှောင်ကျဉ်ကြရန် ဝမ်ပေါင် ကုမ္ပဏီတိုက်တွန်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း လူထုကို အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များ ရှောင်ကျဉ်ကြရန် ဝမ်ပေါင်ကုမ္ပဏီက တိုက်တွန်းလိုက်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း ပစ်ခတ်တိုက်ခိုက်ခံမှုနှင့် ပတ်သက်၍ မြန်မာဝမ်ပေါင် ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

လက်ပံတောင်းတောင် သတ္တုတွင်းဧရိယာအတွင်း တာဝေးပစ်လက် နက်များဖြင့် ဗုံးအများအပြား ပစ်လွှတ်ခဲ့ပြီး ဗို့အားမြင့် ဓာတ်အားပေးတာဝါတိုင်မှာလည်း ဖောက်ခွဲဖျက်စီးခံခဲ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းကဲ့သို့ စီမံကိန်းအပေါ် တိုက်ခိုက်မှုလုပ်ရပ်များ‌ ကြောင့် မြန်မာဝန်ထမ်းများ ဝင်ငွေဆုံးရှုံးနိုင်ပြီး လူမှုစီး ပွား အကြပ်အတည်းများကို ဖြစ်ပေါ်စေသည့်အပြင် လျှပ်စစ်တာဝါတိုင် ပျက်စီးမှု နောက်ဆက်တွဲအနေဖြင့် ဓာတ်အားပြတ်တောက်မှုမှာ စီမံကိန်းအနီးအနားရှိဒေသများကို ထိခိုက်စေကြောင်းလည်း မြန်မာဝမ်ပေါင်က ဆိုသည်။

လက်ရှိတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းထားသည်မှာ (၁၆) လကျော်ကြာပြီဖြစ်‌ေသာ်လည်း ဝန်ထမ်းများအားလုံးကို အခြေခံလစာပေးထားသည့်အပြင် အနီးအနားရှိ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ထောက်ပံ့ပေးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။

လတ်တလော ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်လိုခြင်းမရှိကြောင်းနှင့် စီမံကိန်းဝန်ထမ်းများ၏ အသက်အန္တရာယ် ကင်းရှင်းခွင့်၊ အသက်မွေးဝမ်းကျောင်း ပြုပိုင်ခွင့်နှင့် လွတ်လပ်စွာရွေးချယ်ခွင့်အား လေးစားပေးရန် တိုက် တွန်းကြောင်းလည်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ အကျိုးခံစား ခွင့်ခွဲဝေမှုအနေဖြင့် အမှတ်(၁)သတ္တုတွင်း လုပ်ငန်းက (၅၁) ရာခိုင်နှုန်း၊ တရုတ်အခြေစိုက်ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ မြန်မာဝမ်ပေါင်က ၃၀ ရာခိုင်နှုန်း၊ ဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း ခွဲဝေထားကြောင်း သိရသည်။

စီမံကိန်း ဧရိယာအတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း မြန်မာ ဝမ်ပေါင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Photo Credit – Myanmar Wanbao Mining Copper Limited


LEAVE A REPLY

Please enter your comment!
Please enter your name here