၂၀၂၂ခုနှစ်ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်လာသည့် တွမ်ခရုစ့်၏ Top Gun: Maverick

0
122

၂၀၂၂ခုနှစ်ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်လာသည့် တွမ်ခရုစ့်၏ Top Gun: Maverick

လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၈ ရက်

Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူး၍ မင်းသားကြီး တွမ်ခရုစ့် ပါဝင်သရုပ်ဆောင်ထားသော Top Gun: Maverick ရုံတင်ရုပ်ရှင်ကားကြီးသည် ရုပ်ရှင်လက်မှတ်ရောင်းချရာ၌ တကမ္ဘာလုံးတွင်အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်သွားခဲ့ကာ ၂၀၂၂ ခုနှစ် Box Office ၏ တစ်နှစ်တာဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်လာခဲ့ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်ကားသည် မြောက်အမေရိကရုပ်ရှင်ရုံများ၌ အမေရိကန်ဒေါ်လာ သန်း ၅၂၀ ကျော်နှင့် နိုင်ငံတကာ၌ အမေရိကန်ဒေါ်လာ ၄၈၆ သန်းကျော်ရရှိခဲ့ကြောင်း Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ဇွန်လ ၂၇ ရက် တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့လက်မှတ်ရောင်းချခဲ့ရမှုကြောင့် အဆိုပါရုပ်ရှင်သည် Marvel ရုပ်ရှင်ထုတ်လုပ်ရေး၏ Doctor Strange In The Multiverse of Madness (အမေရိကန်ဒေါ်လာ ၉၄၃ သန်း) ဝင်​ငွေကို ကျော်ဖြတ်ကာ ကမ္ဘာလုံးဆိုင်ရာ Box Office ၏ တစ်နှစ်တာဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် ရပ်တည်လာခဲ့သည်။

Top Gun: Maverickသည် တွမ်ခရုစ့် ရိုက်ကူးခဲ့သမျှရုပ်ရှင်ထဲတွင် ဝင်ငွေအများဆုံးရရှိလာသော ရုပ်ရှင်ဇာတ်ကား ဖြစ်လာရုံသာမက Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးအတွက်ပါ ၂၀၁၄ ခုနှစ်၌ Transformers: Age Of Extinction ရုပ်ရှင်ထွက်ရှိပြီးနောက်ပိုင်း ဝင်ငွေအများဆုံးရရှိလာသော ရုပ်ရှင် ဖြစ်လာကြောင်း သိရသည်။

Top Gun: Maverick သည် ၁၉၈၆ ခုနှစ်က ထွက်ရှိခဲ့သော Top Gun ရုပ်ရှင်၏ နောက်ဆက်တွဲ ဇာတ်ကားအဖြစ်ရိုက်ကူးထားခြင်းဖြစ်သည်။ ၎င်း Top Gun ရုပ်ရှင်၌လည်း ထို​ခေတ်ကတွမ်ခရုစ့် ကို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်​စေခဲ့ပြီးဇာတ်ကားလည်း အောင်မြင်မှုများစွာ ရရှိခဲ့ဖူးသည်။

ထိုသို့ ၃၆ နှစ်အကြာမှ Top Gun: Maverick အားထပ်မံရိုက်ကူးခဲ့ခြင်းကြောင့် တွမ်ခရုစ့် ပရိတ်သတ်များ၏ စိတ်ဝင်စားမှုများကို ရရှိခဲ့ကာ လန်ဒန်၌ ပြုလုပ်ခဲ့သော ၎င်းရုပ်ရှင်၏ ပွဲဦးထွက်ရုံတင်ပွဲတွင်လည်း ကိန်းဘရစ်ချ်မြို့စားနှင့် မြို့စားကတော်ပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

Source: The Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here