တရုတ်အပါအဝင် မဲခေါင်ဒေသတွင်း နိုင်ငံများ မြန်မာနှင့် တသားတည်းရှိနေကြောင်း နစက ပြောရေး ဆိုခွင့်ရှိသူပြော

0
106

တရုတ်အပါအဝင် မဲခေါင်ဒေသတွင်း နိုင်ငံများ မြန်မာနှင့် တသားတည်းရှိနေကြောင်း နစက ပြောရေး ဆိုခွင့်ရှိသူပြော

တရုတ် နိုင်ငံအပါအဝင် မဲခေါင်ဒေသတွင်း နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့် တသားတည်း ရှိနေကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြော သည်။

ယနေ့ ဇူလိုင်လ (၁) ရက် နေ့လယ်‌ပိုင်းက နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရရဲ့ အချုပ်အခြာ အာ ဏာနဲ့ တည်ရှိမှုကို အသိအမှတ် ပြုခြင်းပဲ ဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒါ့အပြင် မဲခေါင်နိုင်ငံအားလုံးဟာ တစ်သားတည်း ရှိတယ်လို့ ပြသတာဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် အာဆီယံ – တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် Mr. Li Keqiang ၏ စတင်အဆို ပြုချက်အရ မဲခေါင်ဒေသအတွင်း ဖွံ့ဖြိုးမှုကွာဟချက်လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်လျက် လုပ် ဆောင်နေခြင်း ဖြစ်သည်။

တရုတ် အပါအဝင် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အောင်မြင်တိုးတက်မှုများ ရှိနေကြောင်းလည်း ၎င်းကပြောသည်။

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ပုဂံမြို့တွင် ဝန်ကြီးအဆင့် အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန်လည်း ရှိနေခြင်း ဖြစ်သည်။

အဆိုပါ အစည်းဝေးများသည် တရုတ်အပါအဝင် မဲခေါင်ဒေသတွင်း (၅) နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူကာ အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်း ဖြစ်ပြီး ယခုနှစ်တွင် တရုတ်နှင့် မြန်မာနိုင်က အလှည့်ကျ အိမ်ရှင်အ ဖြစ် ဆောင်ရွက်နေခြင်း ဖြစ်သည်။

လာမည့်ရက်ပိုင်းအတွင်း ကျင်းပမည့် မဲခေါင် – လန်ချန်း အစည်းအဝေးတွင် တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် သဘောတူညီမှု စာချုပ်များ၊ နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးသွားရန်ရှိနေကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ဇူလိုင်လ (၂) ရက်မှ (၅) ရက်အထိ ပုဂံမြို့တွင် ကျင်းပမည် ဖြစ်ပြီး တရုတ်အပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ကြမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here