မျောက်ကျောက်ရောဂါလက္ခဏာများပြောင်းလဲနေဟု အင်္ဂလန်လေ့လာတွေ့ရှိ

0
781

မျောက်ကျောက်ရောဂါလက္ခဏာများပြောင်းလဲနေဟု အင်္ဂလန်လေ့လာတွေ့ရှိ

လန်ဒန်၊ဇူလိုင် ၂

ယူကေရှိ မျောက်ကျောက်ရောဂါကူးစက်ခံရသူများသည် ယခင်ကပြသခဲ့သည့် ရောဂါလက္ခဏာများနှင့် သိသိသာသာကွဲပြားလာသောကြောင့် စိုးရိမ်မိကြောင်း လန်ဒန်သုတေသီများကဆိုသည်။

ယခုနှစ် မေလတွင် လန်ဒန်ရှိလိင်ပိုင်းဆိုင်ရာကျန်းမာရေးဆေးခန်း၌ လူနာ ၅၄ ဦးကို လေ့လာမှုအရ လူနာများသည် မျောက်ကျောက်ရောဂါတွင်တွေ့ရလေ့ရှိသည့်အဖျားနှင့်ပင်ပန်းနွမ်းနယ်မှုများ နည်းပါးလာသော်လည်း ၎င်းတို့၏ လိင်အင်္ဂါနှင့်စအိုနေရာများတွင် အရေပြားအနာများ ပိုများလာကြောင်း အစီရင်ခံတင်ပြခဲ့သည်။

မျောက်ကျောက်ရောဂါသည် အာဖရိကအနောက်ခြမ်းနှင့်အလယ်ပိုင်းရှိ နိုင်ငံအများအပြားတွင် ပျံ့နှံ့ဖြစ်ပွား‌နေသည့် အပျော့စားဗိုင်းရပ်စ်ရောဂါဖြစ်သည်။မေလ အစောပိုင်းကတည်းက ၎င်းဒေသများအပြင်တွင် လည်း ရောဂါဖြစ်ပွားမှုပေါင်း ၅,၀၀၀ ကျော်ရှိခဲ့ပြီး တစ်ဦးသေဆုံးမှုရှိခဲ့သည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အဆိုအရ ရောဂါကူးစက်မှုပိုများသည့် နိုင်ငံများတွင်လည်း ရောဂါဖြစ်ပွားမှုမြင့်တက်လာ‌နေကြောင်းသိရသည်။

အထူးသဖြင့်မျောက်ကျောက်သည် ရေယုန်နှင့်ဆစ်ဖလစ်ကဲ့သို့သော အခြားအဖြစ်များသော လိင်မှတစ်ဆင့်ကူးစက်ရောဂါများ (STI) နှင့်ဆင်တူနိုင်သောကြောင့် လျစ်လျူမရှုပဲ ပြန်လည်သုံးသပ်သင့်သည်ဟုဆိုသည်။ လေ့လာမှုအရ မျောက်ကျောက်ရောဂါလူနာများ၏ လေးပုံတစ်ပုံသည် HIV ပိုးရှိနေကြပြီး ကျန်လေးပုံတစ်ပုံသည်လည်း အခြားကာလသားရောဂါများရှိကြောင်းကိုတွေ့ရှိခဲ့ရသည်။

ထို့ကြောင့်ရောဂါမှားယွင်းပါက ရှေ့လျှောက်ကူးစက်မှုများအတွက် ကာကွယ်တားဆီးနိုင်သည့် အခွင့်အလမ်းကိုဆုံးရှုံးရနိုင်သည်ဟု Dr.Ruth Byrne ကပြောကြားခဲ့သည်။မျောက်ကျောက်ရောဂါသည် အနီးကပ်ထိတွေ့မှုမှတစ်ဆင့်ပျံ့နှံ့သွားပြီး ၎င်းသည်သုတ်ရည်မှတစ်ဆင့်ကူးစက်နိုင်ခြင်းရှိမရှိကို သုတေသီများကရှာဖွေဖော်ထုတ်ရန်လုပ်ဆောင်နေသည်။

ကူးစက်ရောဂါဆိုင်ရာ ရောဂါဗေဒပညာရှင်နှင့် WHO အကြံပေးပုဂ္ဂိုလ် David Heymann က ရောဂါကူးစက်ခံရသူများကို သိက္ခာမကျစေဘဲ ပျံ့နှံ့မှုကိုထိန်းချုပ်ရန် အရေးကြီးကြောင်းပြောကြားခဲ့သည်။

ဒီကူးစက်မှုကိုကာကွယ်ဖို့ လိင်အင်္ဂါအနားတစ်ဝိုက်မှာ အနာဖုတွေရှိနေတဲ့အခါထိတွေ့မှုကိုရှောင်ကြဉ်ရုံနဲ့ အလွယ်တကူကာကွယ်နိုင်တယ်ဆိုတာ နားလည်အောင်ကြိုးစားဖို့အများနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းတွေလည်းပါ၀င်ပါတယ်ဟု ၎င်းကရိုက်တာသတင်းဌာနကိုပြောသည်။

Source – Reuters/ga

 


LEAVE A REPLY

Please enter your comment!
Please enter your name here