ကိုဗစ်ကူးစက်မှု တိုးလာသဖြင့် ပြည်တွင်းလေကြောင်းလိုင်းများတွင် နှာခေါင်းစည်းတပ်ဆင်ရန် ပါကစ္စတန်အမိန့်ထုတ်

0
31

ကိုဗစ်ကူးစက်မှု တိုးလာသဖြင့် ပြည်တွင်းလေကြောင်းလိုင်းများတွင် နှာခေါင်းစည်းတပ်ဆင်ရန် ပါကစ္စတန်အမိန့်ထုတ်

ကာရာချီ၊ဇူလိုင် ၂

နိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်ခံရသူ အရေအတွက် တဖြည်းဖြည်းမြင့်တက်လာခြင်းကြောင့် ပါကစ္စတန်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပြည်တွင်း လေကြောင်းလိုင်းများတွင် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပါကစ္စတန်၏အကြီးဆုံးမြို့ ကာရာချီတွင် ကိုဗစ်လူနာတွေ့ရှိမှုအချိုးသည် တစ်နိုင်ငံလုံးရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ၂၁ ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်းအစီရင်ခံပြီး နောက်တစ်ရက်တွင် အဆိုပါအမိန့်ထွက်ပေါ်လာခြင်းဖြစ်သည်။

“ယခုအခြေအနေများကြောင့် ပြည်တွင်းလေကြောင်းလိုင်းများတွင် နှာ‌ခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန်လိုအပ်လိမ့်မည်” ဟု ပါကစ်စတန်မြို့ပြလေကြောင်းအာဏာပိုင်(PCAA) က တနင်္ဂနွေနေ့ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ပါကစ္စတန်သည် မကြာသေးမီလများအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှု အလွန်နည်းပါးခဲ့သဖြင့် ကြိုတင်ကာကွယ်မှုအားလုံးနီးပါးကိုလည်းဖယ်ရှားခဲ့သည်။

သို့သော်လွန်ခဲ့သည့် ၂၄ နာရီအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ကူးစက်မှုအချိုးသည် ၂ ဒသမ ၈၅ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး လူနာပေါင်း ၃၈၂ ဦးနှင့်သေဆုံးသူ ၂ ဦးရှိကြောင်း အစ္စလာမာဘတ်အမျိုးသားကျန်းမာရေးသိပ်ပံ (NIH) ကတနင်္လာနေ့ကထုတ်ပြန်သောအချက်အလက်များအရသိရသည်။

လွန်ခဲ့သောတစ်လက ကိုဗစ်ကူးစက်မှုအချိုးသည် ၀ ဒသမ ၅၄ ရာခိုင်နှုန်းဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၇၉ ဦးနှင့် သေဆုံးမှုမရှိခဲ့ကြောင်းသိရသည်။ NIH ၏အဆိုအရ ဆေးထိုးခွင့်ရှိသော ပါကစ္စတန်နိုင်ငံသား ၈၅ ရာခိုင်နှုန်းသည် ကိုဗစ်ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးဖြစ်သည်ဟုသိရသည်။

မတ်လ ၃၁ ရက်နေ့တွင် ၂၀၂၀ ခုနှစ်ကပ်ရောဂါစတင်ချိန်မှစ၍ ကူးစက်မှုအနိမ့်ဆုံးသို့ကျဆင်းသွားသဖြင့် ကိုဗစ်အခြေအနေကိုကြီးကြပ်နေသည့် National Command and Operations Center ကိုလည်း ပါကစ္စတန်ကဖျက်သိမ်းလိုက်သည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here